Most Recent

Daily Bread

Apr 20, 2024    Pastor David Lah


                   အယောက်စီတိုင်း သခင်ယေရှုခရစ်တော် နာမ၌ မင်္ဂလာပါ။ ယခုခေတ်ကာလမှာ ခက်ခဲပင်ပန်းမှုတွေ ပြည့်နှက် လွန်းနေပြီ ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘုရားသားသမီးတွေရဲ့ နှုတ်က အမင်္ဂလာတွေ မပြောမိစေဖို့ သတိပြုစေချင်ပါတယ်။ နှုတ်ခမ်းအသီးကို စတင်စိုက်ပျိူးကြပါ။ ယုံကြည်သူ ဘုရားသားသမီးတွေရဲ့ နှုတ်က ဆုတောင်းပေးခြင်း မင်္ဂလာက သင်ရှိနေတဲ့ တိုင်းနိုင်ငံမှာ ကောင်းကြီးဖြစ်စေပါမယ်။ ဒီကနေ့ ကျွန်တော်တို့တွေ ဘုရားသခင်ရဲ့ မျက်နှာသာ ရခြင်းအကြောင်း နှုတ်ကပတ်တော် ခံယူသွားကြဖို့ ဖြစ်ပါတယ်။ဘုရားရဲ့ မျက်နှာသာဆိုတာ လူ့ရဲ့အစွမ်းအစနဲ့ လုပ်ယူလို့မရတဲ့ အရာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိန်မှာ မထင်မှတ်ထားတဲ့ နေရာမှာ မမျှော်လင့်နိုင်တဲ့ အနေအထားမှာ ဘုရားသခင်က ပို့ဆောင်ပြီး ရနိုင်ခွင့် ပိုင်ဆိုင်နိုင်ခြင်းကို ခေါ်ခြင်းဖြစ်တယ်။

                   အဲ့ဒီမျက်နှာသာရခြင်းနှင့် ပတ်သတ်ပြီး ဆရာကြီး တစ်ဦးက အချက်တွေနဲ့ အဓိပ္ပါယ်ဖွင့်ထားခဲ့ဖူးပါတယ်။ ဘုရားသခင်ရဲ့ မျက်နှာသာရခြင်းဆိုတာ သဘာဝလွန်ဖြစ်စဥ်များ တိုးပွားပြီး နေရာ၊ ရာထူး တိုးတက်ခြင်းဖြစ်တယ် တဲ့။ ဘယ်သူ့အကြောင်း တွေ့ရသလဲ ဆိုရင် “ ယောသပ် “ ဖြစ်တယ်။ ယောသပ်က သူများအိမ်မှာ ကျွန်ဘဝအဖြစ် ရောက်သွားပေမယ့် ကျွန်ထဲမှာ မျက်နှာသာရတဲ့သူ ၊ သူများအားကိုးရသူ ဖြစ်ခဲ့တယ်။ ထောင်ထဲရောက်ပြန်တော့ ထောင်ထဲမှာ ထောင်မှူးတွေက လေးစားပြီး နေရာပေးခြင်းခံရသူ တစ်ဦးဖြစ်လာပြန်တယ်။ နန်းတော်ရောက်သွားခဲ့တဲ့အခါ နန်းတော်မှာ ဘုရင်ရှေ့ မျက်နှာသာရပြီး နိုင်ငံကို အုပ်ချူပ်ရတဲ့သူ ဖြစ်လာခဲ့တယ်။ နောက်တစ်ချက်ကတော့ သင့်ဆီက မာရ်နတ် လှည့်စားပြီး သိမ်းယူသွားတဲ့ အရာအားလုံး သင်က ပြန်လည်သိမ်းပိုက်ခွင့် ရတဲ့အဖြစ်ကို ဘုရားက ပြန်ပေးခြင်း ဖြစ်တယ်။


“ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသော အခွင့်ကို ငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်း မသွားရကြ။” (ထွက်မြောက် 3:21)


                            ဘုရားမျက်နှာသာရလာရင် ရန်သူတွေအရှေ့မှာ ချီးမြှောက်ခြင်းခံရတဲ့ အခွင့်ကိုရခြင်း၊ ဘုရားမျက်နှာသာပါရင် ဥစ္စာတိုးပွားခြင်းနှင့်အတူ ပိုင်ဆိုင်မှုများ တိုးပွားလာခြင်း၊ ဘုရားမျက်နှာသာရလာရင် အောက်ဆုံးအဆင့် အငယ်ဆုံးကနေ အမြင့်ဆုံးအထိ ချီးမြှောက်ခံရခြင်း၊ ဘုရားမျက်နှာသာရလာရင် သူများတွေရဲ့ အရေးပေးခြင်း အလေးထားခြင်းကို ခံစားလာရခြင်း၊ ဘုရားသခင်ရဲ့ မျက်နှာသာရလာရင် ဘုရားမရှိတဲ့ အာဏာရှင်တွေကတောင် ကိုယ့်ကိုလေးစားပြီး ကိုယ့်ကို ပြန်နေရာပေးရတဲ့အထိ သူတစ်ပါးအရှေ့မှာ မျက်နှာသာရခြင်း၊ ဘုရားမျက်နှာသာရလာတဲ့အခါ လူတွေသတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းဘောင်တွေကနေ ကိုယ့်အတွက် အဲ့ဒီရှိပြီးသား စည်းကမ်းတွေကိုပါ ပြောင်းပစ်လိုက်တဲ့အထိ ဖြစ်စေခြင်း၊ ဘုရားမျက်နှာသာပါလာရင် ကိုယ်တိုက်စရာမလိုပဲ တိုက်ပွဲတွေကို ဘုရားရှင်က တိုက်ပေးခြင်းအားဖြင့် အောင်ပွဲခံစေခြင်း၊ တို့ပဲဖြစ်တယ်လို့ အနက်ဖွင့်ခဲ့တယ်။

                ဘုရားမျက်နှာသာ ရလာတဲ့အခါ မထင်မှတ်ထားတဲ့အရာတွေ မဖြစ်နိုင်ဘူးလို့တွေးထားတဲ့အရာတွေ ဖြစ်လာတာ တွေ့ရတယ်။ ဒါဝိတ်က ဘုရားရှေ့မှာ မျက်နှာသာရခြင်းအားဖြင့် ဂေါလျက်နဲ့ တိုက်တဲ့အခါ အောင်မြင်ရတဲ့အခွင့်ကို ပေးတယ်။ ဘုရားသခင် မျက်နှာသာပါရင် သင့်ဘဝမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကို သင်ဝင်စားခွင့်ရတာ တွေ့လာရမှာဖြစ်တယ်။ ၁၉၉၆ခုနှစ်လောက် ကျွန်တော် ထိုင်းနိုင်ငံမှာ နေတုန်းက ကျွန်တော့်မှာ အလုပ်မရှိခဲ့ဘူး။ အမေ့ရဲ့လုပ်စာလေးကို ထိုင်စားပြီး နေရတဲ့ကာလဖြစ်တယ်။ နေ့ခင်းဘက်တွေဆိုရင် ကျွန်တော် နှုတ်ကပတ်တော်ဆင်ခြင်ပြီး ဆုတောင်းတတ်တဲ့အကျင့်ရှိတယ်။ အဲ့ဒီနေ့က ကျွန်တော်ဆုတောင်းနေရင်း ဘုရားသခင်က ကျွန်တော့်ကို ဘာစကားပြောလဲဆိုတော့ GOD FAVOR ဆိုတာဖော်ပြလာတော့ ကျွန်တော်ကနားမလည်လို့ ဘုရားသခင်ကို မေးတဲ့အခါမှာ မင်းညီမင်းသားတွေနဲ့ သင့်ကို ထိုင်စားရတဲ့အခွင့်ကို ငါပေးမယ်လို့ပြောတာဖြစ်တယ်။

                      ကျွန်တော်လဲ မြေမှုန့်ထဲမှ ချီးမြှောက်တော်မူ၍ ဆိုတဲ့ သီချင်းကို ချီးမွမ်းရင်း ကျွန်တော် မျက်ရည်ကျခဲ့ရတယ်။ ကျွန်တော် ဘုရားသခင်ကို သိခွင့်ရတာတောင်မှ ကျေနပ်နေခဲ့ပါပြီ ။ ပညာအရည်အချင်းမရှိ ဘာမှမတတ်တဲ့သူက အဲ့လိုရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ၂၀၀၃ ခုနှစ်ရောက်တဲ့အခါ All denomination leadership conference ကိုတက်ရောက်ဖို့ ဖြစ်လာခဲ့တယ်။ ကျွန်တော်လုံးဝထင်မထားခဲ့ပါဘူး။ အဲ့ဒီတုန်းက Four square church president ကကျွန်တော့်ကိုခေါ်ပြီး သူ့ရဲ့ assistant အနေနဲ့ တက်ခိုင်းစေခဲ့တာဖြစ်တယ်။  

                         ကျွန်တော်လုံးဝထင်မထားခဲ့ဘူး။ ကျွန်တော့်ကို ရွေးပြီး တက်ခွင့်ပေးခဲ့တယ်။ ဘုရားသခင်ကျေးဇူးတော်ကို အရမ်းချီးမွမ်းမိတယ်။ အရင်က အိမ်မက်တောင်မမက်ဖူးခဲ့တဲ့ အပြင်မှာမြင်ဖို့မလွယ်ကူတဲ့ တီဗွီထဲမှာပဲ မြင်ဖူးတဲ့ ဆရာကြီးတွေနဲ့ ထမင်းအတူ ထိုင်စားရတဲ့အခွင့် ကိုဘုရားသခင်က ပြင်ဆင်ပေးခဲ့တယ်။ ထမင်းစားနေရင်းနဲ့ ဝိညာဥ်တော်က ကျွန်တော့်ကို တစ်ချက်ပဲဖွင့်ပြတယ်။ ဘုရားသခင်ရဲ့ မျက်နှာသာပါလာရင် မင်းတွေ့လား? မင်းအနီးအနားတောင် ကပ်လို့မရတဲ့ တီဗွီမှာပဲ မင်းမြင်တွေ့ခဲ့ရတဲ့ ဆရာကြီးတွေနဲ့ အခုမင်းအတူတူ ထမင်းစားခွင့်ရှိပြီ၊ မင်းကိုငါ ၁၉၉၆ ခုနှစ်က ပေးခဲ့တဲ့ကတိတော်ကို မင်းမှတ်မိလား? အဲ့ဒီတုန်းက အစ္စရေးက ဝန်ကြီးချူပ်ပါသလို တကယ့်ကို ကမ္ဘာနဲ့အဝှမ်း ဘုရားအသုံးပြုခြင်းခံနေရတဲ့ ဆရာကြီးတွေပါတယ်။ ကျွန်တော် ထမင်းစားနေရင်းနဲ့ မနေနိုင်တော့လို့ ထပြီး သန့်စင်ခန်းထဲမှာ မျက်ရည်ကျပြီး ကျေးဇူးတော်ချီးမွမ်းရင်း ငိုကြွေးခဲ့ရပါတယ်။ဘုရားသခင်က သိပ်ကတိတည်တဲ့ ဘုရားဖြစ်တယ်။ မဖြစ်နိုင်တဲ့ အိမ်မက်‌တောင် မမက်ရဲ့တဲ့အရာတွေကို ဘုရားသခင်က ဖြစ်စေခဲ့တယ်။

                           ဘုရားသခင်ရဲ့ မျက်နှာသာရခြင်းနဲ့ တွဲနေတဲ့အရာက နာခံခြင်းဖြစ်တယ်။ နာခံခြင်းရှိတဲ့သူဆီမှာ မျက်နှာသာရခြင်းက အမြဲတမ်းတွဲပြီး လိုက်လာတတ်တယ်။ ဘုရားသခင်ရဲ့မျက်နှာသာ ရခြင်းကို လိုချင်ရင် သင်က ဘုရားစကားကို နာခံခြင်းရှိပါ။ အဲဒါ သော့ချက်ပဲဖြစ်တယ်။ နောဧကို သင်္ဘောဆောက်ခိုင်းတဲ့အခါ နောဧက တစ်ခွန်းမှ ဇောဒက မတက်ပဲ နာခံတယ်။ သင်္ဘော‌ဆောက်ခဲ့တယ်။ နာခံတဲ့သူနဲ့ ဘုရားက အလုပ်လုပ်သွားတယ်။ နာခံတဲ့သူကိုပဲ မျက်နှာသာပေးသွားတယ်။ နာခံတဲ့သူကို ဘုရားက ကောင်းကြီးပေးပြီး ချီးမြှောက်သွားခဲ့တယ်။

“ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ၊ ဟုတ်မှန်၏ဟူ၍၎င်း၊ အာမင်ဟူ၍ ၎င်းဖြစ်သည်။” (၂ကော 1:20)

                        အမြဲတမ်း ဘုရားစကားကို သင်ဝန်ခံတတ်ရင် ဘုရားမျက်နှာသာရခြင်းက သင့်မှာပါလာမှာ ဖြစ်တယ်။ ရှင်လုကာ ၅ ထဲက အကြောင်းအရာလေးနဲ့ ကျွန်တော် ဝေငှသွားချင်ပါတယ်။ ဒီမှာ ကျွန်တော် တစ်ခုပြောပြချင်တာက ယေရှုက ပေတရုလှေကို လိုတာ မဟုတ်ခဲ့ဘူး၊ ပေတရုက ယေရှုကို လိုတာဖြစ်တယ်။ သင့်ရဲ့အသက်တာထဲမှာ ဘုရားသခင် ဝင်ရောက်လာခြင်းက သင့်ကို ကောင်းကြီးဖြစ်စေချင်လို့ ဖြစ်တယ်။ ‌ပေတရုရဲ့ လှေထဲကို ဝင်ခွင့်တောင်းတဲ့ အခါမှာ ပေတရုက ဝင်ခွင့်ပေးခဲ့တယ်။ သင့်အသက်တာမှာလည်း ယေရှုက ဝင်ခွင့်တောင်းတဲ့အခါ သင်ဝင်ခွင့်ပေးလိုက်ပါ၊ သင်လိုအပ်နေတာ သူသိတယ်။ သင့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာက ယေရှုဆိုတာ သင်မသိတဲ့အခါ သင်အမျိူးမျိူးကြိုးစားနေရင်း သင်ပင်ပန်းနေခဲ့ပြီ။ သင်ယေရှုကို သင့်အသက်တာထဲ ဝင်ခွင့်ပေးလိုက်ပါ။ ရှမာရိမြို့က မိန်းမက ယောကျ်ားတစ်ယောက်ပြီးတစ်ယောက်ယူတာ ဘာကြောင့်လဲ? သူ့အတွက် ကောင်းမယ်ထင်ပြီး သူယူခဲ့တာလေ၊ သူ့အသက်တာမှာ ယောက်ျား ငါးယောက်နဲ့နေခဲ့ပြီး လက်ရှိမှာ ယောက်ျားတစ်ယောက်နဲ့ရှိနေခဲ့တယ်။ ယေရှုနဲ့သူတွေ့တဲ့အခါမှာ သူမရှာဖွေနေခဲ့တဲ့ သူမလိုအပ်နေခဲ့တဲ့ အရာကို သူမတွေ့ရှိသွားခဲ့တယ်။ ရေငတ်နေလို့ ရေလာခပ်တဲ့သူမက ရေဘူးကိုထားခဲ့ပြီး ပြန်သွားနိုင်ခဲ့တာ သူမအတွက် ဘယ်တော့မှ မခမ်းခြောက်နိုင်တော့တဲ့ အသက်စမ်းရေကို ရသွားခဲ့လို့ပဲ မဟုတ်လား? သင့်အသက်တာမှာ သင်ယေရှုကို ရရင်ဘာမှ မလိုတော့ဘူး။

                     ရှင်ပေါလုကလဲ ခရစ်တော်ကို ရပြီးတဲ့အခါ ခရစ်တော်ကို ရတဲ့ပညာက ခပ်သိမ်းသောအရာကို ရှုံးစေသောအရာကဲ့သို့ ငါသတ်မှတ်တယ်လို့ ပြောခဲ့တယ်။ ပေတရုလှေထဲကို ယေရှုရောက်လာပြီးတဲ့အခါ တစ်ညလုံးကြိုးစားပြီး ငါးရှာနေပေမယ့် ငါးရှာမရတဲ့ တံငါသည်ပေတရုကို လှေကို ရေနက်ရာ‌ ရွှေ့ခိုင်းတယ်။ ပိုက်ကွန်ကို ချခိုင်းတယ်။ ပေတရုက နာခံပြီး လုပ်လိုက်တဲ့အခါ ပိုက်ကွန်စုတ်ပြဲလုမတတ် ငါးတွေရခဲ့တယ်။ ငါးမရှိတဲ့နေရာ ငါးရှာမရနိုင်တဲ့ အချိန်မှာ ပိုက်ကွန်စုတ်ပြဲမတတ် ရခဲ့တာ ဘုရားမျက်နှာသာပဲဖြစ်တယ်။ ဒီလို ခဲယဥ်းဆိုးယုတ်တဲ့ ကာလမှာ သင်က သူများဆီက ယူသူမဟုတ်ပဲ ပေးနိုင်သောသူဖြစ်ဖို့ သင့်ရဲ့နှုတ်က ဝန်ခံခြင်းအရာ သင်နာခံတဲ့အရာ သိပ်အရေးကြီးပါတယ်။

                        ဘုရားမျက်နှာသာပါလာရင် မဖြစ်နိုင်တဲ့အရာတွေ အကုန်ဖြစ်လာတယ်။ မထင်မှတ်ထားတဲ့ အရာတွေ အားလုံးဖြစ်လာခဲ့တယ်။ ကျမ်းစာတစ်အုပ်လုံးကို ကြည့်လိုက်ရင် မျက်နှာသာရတဲ့သူတွေ အားလုံးက ဘုရားစကားကို နာခံခြင်း ရှိသူတွေပဲဖြစ်တယ်။ ဘုရားမျက်နှာသာ ပါလာရင် သူများလုပ်လို့ အဆင်မပြေတဲ့အချိန်မှာ သင်က လုပ်သမျှ ပြုလေသမျှမှာ အောင်မြင်ရတဲ့အခွင့် ဖြစ်လာတယ်။ ဘုရားသခင်က နောက်ဆုံးသောအချိန်ကာလမှာ ဘုရားသားသမီးတွေကို မျက်နှာသာနဲ့ သွားစေချင်ပြီဖြစ်တယ်။ ဘုရားစကားကို နာခံခြင်းဖြင့် ဘုရားမျက်နှာသာရသောသူများ ဖြစ်ကြပါစေ။ အယောက်စီတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။