Daily bread

Apr 26, 2024    Pastor David Lah

လှုပ်နိုင်သောနိုင်ငံနှင့်မလှုပ်နိုင်သောနိုင်ငံ

                  အားလုံးမင်္ဂလာပါ။ အချိန်နာရီကို ပြင်ဆင်ပေးတဲ့ ဘုရားသခင်နာမ ဘုန်းကြီးပါစေ။ အယောက်စီတိုင်းအပေါ်မှာ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း ဘုရားသခင်ထံမှ စီးဆင်းလာတဲ့ အထူးထူးသော မင်္ဂလာသည် သင်တို့ အသက်တာ အသီးသီးအပေါ်မှာ သက်ရောက်ပါစေ။ ကျွန်တော်တို့ အသက်တာက ဘုရားသခင်အားဖြင့် ခိုင်ခံ့သောသူတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော် သိစေချင်တယ်။ ဒီကနေ့ ကျွန်တော် ဝေငှသွားချင်တဲ့အရာကတော့ လှုပ်နိုင်သောနိုင်ငံနဲ့ မလှုပ်နိုင်သောနိုင်ငံ အကြောင်းကို ဝေငှပေးချင်ပါတယ်။ ဟေဗြဲ 12 ကအကြောင်းအရာနဲ့ ကျွန်တော် ဝေငှသွားချင်ပါတယ်။

“သင်တို့သည် မိန့်တော်မူသော သူ၏စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏ စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ် ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသော သူ၏စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊အထက်ကဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။ အထက်က ဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။ ထိုကြောင့်၊ ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။” (ဟေဗြဲ 12:25-29)

             “မိန့်တော်မူသော သူ၏စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။” နဲ့ “အထက်ကဗျာဒိတ်တော် အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။” ဆိုတာကို အထူးသတိပြုစေချင်ပါတယ်။ တည်မြဲခြင်းဆိုတာ ဘာမှမရှိဘူး။ မတည်မြဲတဲ့အရာကို တည်မြဲတယ်လို့ ကျွန်တော်တို့ ထင်နေကြတာကို ဘုရားက မကြိုက်ဘူး၊ ဒီမြေကြီးပေါ်မှာ ရှိတဲ့အရာတွေ အကုန်လုံးက စွဲလမ်းစရာမရှိဘူး။ အကုန်လုံးက လှုပ်ရှားနိုင်တဲ့ အရာတွေချည်းပဲ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လှုပ်နိုင်တဲ့အရာတွေကို မလှုပ်နိုင်တဲ့ အရာတွေလို့ ထင်ပြီးတော့မှ ဒီအရာတွေကို စွဲလမ်းနေတာက မင်းတို့အသက်တာကို ဖျက်ဆီးမယ့်အရာဖြစ်တယ်တဲ့။

            ဒါကြောင့် ဘုရားသခင်က မင်းတို့ဝိညာဥ်ကောင်းစေဖို့ ငါက လှုပ်ခါမယ်လို့ ပြောတယ်။ လှုပ်နိုင်တဲ့အရာတွေကို လှုပ်ခါလာတဲ့အခါ လူက မမြဲဘူးဆိုတာ သိလာတဲ့အခါမှာ မလှုပ်နိုင်တဲ့ အရာကို ရှာဖို့ဖြစ်တယ်။ လူတွေ တော်တော် များများက လောကအရာတွေက မမြဲဘူးဆိုတာတော့ သိကြတယ်။ အဲလောက်နဲ့ ရပ်နေလို့မရဘူး။ မမြဲဘူးဆိုတာကို သိပြီး တည်မြဲတဲ့အရာကို မြင်လာဖို့ ဘုရားက အလိုရှိတယ်။

            မတည်မြဲခြင်းရှိရင် တည်မြဲခြင်းဆိုတာလဲ ရှိတယ်ဆိုတာသိစေချင်တယ်။ အမှောင်ရှိရင် အလင်းဆိုတာရှိတယ်။ အခါးရှိရင် အချိူရှိသလို၊ မကောင်းတာရှိရင် ကောင်းတာရှိတယ်။ ဒီလောကထဲက အရာတွေအားလုံးက ခါထုတ်လို့ရတဲ့ အရာတွေပဲဖြစ်တယ်။ အကုန်လုံးက မတည်မြဲဘူး။ မတည်မြဲဘူးဆိုတာကို ဦးနှောက်က သိနေပေမယ့် အဲ့ဒီမတည်မြဲဘူးဆိုတဲ့ အရာတွေကိုပဲ စွဲလမ်းနေကြတာဖြစ်တယ်။ ဒါကို ဘုရားကသိလို့ ခါထုတ်ပစ်လိုက်တာဖြစ်တယ်။ ပိုက်ဆံဆိုတာလဲ မမြဲဘူး၊ လှပခြင်းဆိုတာလဲ မမြဲဘူး၊ အောင်မြင်ခြင်း ရာထူး ဂုဏ်ထူး စတဲ့အရာတွေ တစ်ခုမှမမြဲဘူးဆိုတာ သိစေဖို့ အရာအားလုံးကို ဘုရားက ခါထုတ်ပစ်လိုက်တာဖြစ်တယ်။ မမြဲခြင်းကို သင်မြင်လာတဲ့အခါ မြဲခြင်းက ဘာလဲဆိုတာ သင်သိနိုင်ဖို့ ဘုရားက အကြံအစည်ရှိတာဖြစ်တယ်။ မမြဲတဲ့အရာကို မြဲသလို သင်ထင်ပြီး အဲ့ဒီနေရာမှာ သင်ရပ်တန့်နေမှာကို ဘုရားသခင်က အလိုမရှိဘူး။ မြဲတဲ့နိုင်ငံမှာ သင့်ရဲ့အသက်တာကို ဘုရားကတည်ဆောက်စေချင်တာဖြစ်တယ်။


“အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသော အရာတို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသော အရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”(၂ကော 4:17-18)

                    အခုအချိန်က ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့အရာတွေက မလှုပ်နိုင်တဲ့အရာတွေ ရှိတယ်ဆိုတာသိအောင် လှုပ်ခါနေခြင်းဖြစ်တယ်။ သင်ဝင်လာနိုင်ဖို့အတွက် မလှုပ်နိုင်တဲ့ နိုင်ငံက သင့်ကို စောင့်နေတာဖြစ်တယ်။ ခန္ဓာဆိုတာ မြင်ရတဲ့အရာ မမြဲဘူးဖြစ်တယ်။ ဝိညာဥ်ဆိုတာ မမြင်ရတဲ့အရာဖြစ်ပြီး ဝိညာဥ်ရှိလို့ ခန္ဓာက အသက်ရှင်နိုင်တာဖြစ်တယ်။ လူကမြင်ရတဲ့အရာကို စွဲလမ်းပြီး ဘုရားကမမြင်ရတဲ့အရာကို စွဲလမ်းခိုင်းတာဖြစ်တယ်။ မြင်ရတဲ့အရာကိုပဲ သင်အာရုံစိုက်နေသေးရင် သင်တို့က ဥာဏ်ပညာနဲ့ ကြွယ်ဝသောသူ မဖြစ်သေးဘူး။

 

“အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။ မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။”(ကောလောသဲ 3:1-2)

                       သင့်ရဲ့ကြွယ်ဝခြင်းဆိုတာလဲ ခဏပဲ၊ သင့်ရဲ့အဆင်မပြေမှုဆိုတာလဲ ခဏပဲ ၊ သင့်ရဲ့ဆုံးရှုံးမှုဆိုတာလဲ ခဏပဲဖြစ်တယ်။ သင့်ရဲ့အောင်မြင်ခြင်းဆိုတာလဲ ခဏသာဖြစ်ပြီး သင်က ခရစ်တော်နဲ့အတူ အစဥ်အောင်မြင်သောသူဖြစ်ဖို့ သင်က မလှုပ်နိုင်တဲ့ နိုင်ငံကို ဝင်ရဖို့ လိုတယ်။ ယေရှုခရစ်တော်က ဤလောကသည် ငါနှင့်မဆိုင်လို့ ပြောခဲ့တာက ရှင်းပါတယ်။ မမြဲသောစည်းစိမ်ကို မတပ်မက်မိပါစေနဲ့။ ဒီလောကအရာတွေက မမြဲတဲ့အရာတွေဖြစ်ပြီး သူနဲ့လုံးဝ မဆိုင်တာကို ပြောခဲ့ခြင်းဖြစ်တယ်။

“ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန်၏။” (၁ တိ 6:6)

                           သင်က လောကမှာရှိစဥ်အခါမှာ တည်မြဲသောနိုင်ငံကို မဝင်ခင် မတည်မြဲတဲ့နိုင်ငံအတွင်း ရှိစဥ်မှာ စွဲလမ်းမှုက မြဲသောနိုင်ငံကိုပဲ စွဲလမ်းပါ။ မြဲသောအရာကို သင်စွဲလမ်းတတ်လာရင် ဒီမမြဲသောနိုင်ငံအတွင်း သင်ရှိနေစဥ်မှာပင်လျင် သင့်ရဲ့လိုအပ်မှုမှန်သမျှကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေလိမ့်မယ်လို့ ပြောထားပြီးသားဖြစ်တယ်။

                  ကြွယ်ဝခြင်း ဆိုတာကို ကျွန်‌တော်ပြောတဲ့အခါမှာ ကျွန်တော့်ကို လွဲမှားတယ်ဆိုပြီး ဝိုင်းပြောကြတယ်။ ကျွန်တော့် ဘဝမှာ နောက်ဆုံး အဖြေလုံးဝမရှိတော့တဲ့ အချိန်မှာ၊ မျှော်လင့်ခြင်းမဲ့ပြီး မျက်ရည်တွေနဲ့ ဘဝကို အရှုံးပေးရတော့မယ့် အခြေအနေမှာ ကျမ်းစာကို ဖတ်မိတဲ့အခါ မျှော်လင့်ခြင်းတွေ စဖြစ်လာတယ်။ ဝမ်းမြောက်ခြင်းတွေ ရလာတယ်။ ကိုယ့်အသက်တာက တန်ဖိုးရှိတာ မြင်လာတယ်။ ကိုယ့်ကိုယ်ကို ကျေနပ်လာတယ်။ ကိုယ့်ဖြစ်တည်ခြင်း အပေါ်မှာ ကိုယ်ယုံကြည်လာတယ်။ ဘုရားငါ့ကို ဒီလိုဖန်ဆင်းထားတာ ငါက ငါပဲ ဆိုတာ ရှင်းရှင်းသိလာတဲ့အခါ ကျွန်တော့်ရဲ့အောင်မြင်ခြင်းဖြစ်ခဲ့တယ်။

                   ဘုရားသခင်ပေးလာတဲ့ အရာအားလုံးက ဘုရားအတွက်ပဲ ဖြစ်တယ်။ အာဗြံဟံက ဣဇက်ကို ပြန်ပူဇော်နိုင်တာက ဘုရားပေးထားတဲ့ အရာကို ဘုရားကို ပြန်ပေးခြင်းဖြစ်တယ် ဆိုတာ သူနားလည်လို့ ဖြစ်တယ်။ သင့်ရဲ့အသက်တာထဲမှာ လောကရဲ့အရာတွေကို စွဲလမ်းနေမိရင် ဘုရားသခင်ကို ပဲသင်စွဲလမ်းနေဖို့ ဘုရားသခင်ဆီမှာ ခွန်အားတောင်းပါ။ ဝိညာဥ်တ်ောက မစသွားပါလိမ့်မယ်။ သင်စွဲလမ်းတဲ့အရာတွေ အားလုံးက သင့်ရဲ့သခင် ဖြစ်သွားတယ်။ သင်စွဲလမ်းတဲ့အရာက ဘုရားသခင်ပဲဖြစ်ပါစေ။ ဘုရားသခင်က မစသွားပါလိမ့်မယ်။ သင့်ရဲ့အသက်တာ လွတ်မြောက်ဖို့ သားတော်အရင်းကို တောင်မနှမြောပဲ ပေးခဲ့တဲ့ဘုရား ထာဝရအသက်ကိုတောင် ပေးထားတဲ့ ဘုရားက သင့်ကို အခြားအရာတွေ လိုအပ်တဲ့အရာတွေ အကုန်လုံး ပေးမယ်ဆိုတာ သင်စိတ်ချပါ။

“မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့် တကွ ခပ်သိမ်းသော အရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။” (ရောမ 8:31)       

            သင်သိထားရမှာက သင်က မလှုပ်နိုင်တဲ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်တယ်။ သင့်ကို ဘုရားသခင်က ကွယ်ကာထားပြီးသား ဖြစ်တယ်။ ဧလိရှဲရဲ့ တပည့်က သူ့မျက်စိဖွင့်လိုက်တဲ့အခါ သူမြင်တာက သူ့ကိုဝိုင်းထားတဲ့ သူတွေ ရင်ဆိုင်ရမယ့်အရာတွေ ပြဿနာတွေကို ပဲမြင်ပြီး ကြောက်ရွံ့တုန်လှုပ်တယ်။ ဧလိရှဲက သူ့တပည့်ကို ဘာလို့ကြောက်နေတာလဲ ဆိုပြီး အပြစ်မတင်ခဲ့ဘူး၊ ကိုယ်တော် ဤသူရဲ့မျက်စိကို မြင်နိုင်ပါမည်အကြောင်း သူ၏ မျက်စိကို ဖွင့်ပါလို့ ဆုတောင်းပေးခဲ့တယ်။ ဒီလူက ဘာဖြစ်လို့ သူမမြင်နိုင်တာလဲ? ဒီလူက သူ့ရဲ့ လှုပ်နိုင်တဲ့ နိုင်ငံထဲက အရာတွေကိုသာ အာရုံရှိနေလို့ ဖြစ်တယ်။

“ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသော ကြောင့်၊ သင်၌ မကောင်းသော အနိဌရုပ်မကပ် မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။ သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။ သင်သည် ခြင်္သေ့နှင့်မြွေဆိုးအပေါ်မှာ ကျော် သွား၍၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။” (ဆာလံ 91:9-13)

                   သင်က လှုပ်နိုင်တဲ့နိုင်ငံထဲမှာနေရပေမယ့် သင်က မလှုပ်နိုင်သော နိုင်ငံသားဖြစ်တယ်။ ဘုရားသခင်ရဲ့ တည်မြဲသော အရာရှိတယ်ဆိုတာ သိရ‌အောင် ဘုရားသခင်က မြင်နေရတဲ့ အရာတွေကို လှုပ်ခါလိမ့်မယ်။ သင်ကဘယ်နိုင်ငံသားလဲ သင့်ကိုယ်သင် သိပြီလား?

                    “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့်မှီကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တဖန် ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုး အပေါင်းတို့ နှစ်သက် ဘွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။” (ဟ္ဂဲ 2:6-7)

            လှုပ်နိုင်သောနိုင်ငံထက် မလှုပ်နိုင်သော နိုင်ငံကို စိတ်ဝင်စားသောသူများဖြစ်ကြပါစေ။ သင်ရဲ့ စွဲလမ်းခြင်းက မလှုပ်နိုင်တဲ့ နိုင်ငံမှာ ရှိပြီး သင်က အဲ့ဒီနိုင်ငံသားဖြစ်တယ် ဆိုတာ သင်သိရင် ဘုရားက သင့်ကို အမြှီးမှာ မထားပဲ အမြင့်ဆုံးထိချီးမြှောက်ခြင်းကို ခံသွားရမှာဖြစ်ပါတယ်။ အယောက်စီတိုင်း ဘုရားသခင် ကောင်းကြီးပေးပါစေ။