Daily bread

Apr 28, 2024    Pastor David Lah


                  အားလုံးမင်္ဂလာပါ။ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဥ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီကနေ့ နှုတ်ကပတ်တော် မသွားခင်မှာ သင်နှင့်သင့်မိသားစုအပေါ် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ခံစားရရှိပါစေလို့ ဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်။

                   ဒီကနေ့မှာ ဝိညာဥ်တိုက်ပွဲ ကို အဓိက ထားပြီး ပြောသွားချင်ပါတယ်။ ကျွန်တော်တို့ က ဝိညာဥ်တိုက်ပွဲ ရှိနေတယ် ဆိုတာကို အသေချာ နားမလည်ကြဘူး။ ဒါကို နှုတ်ကပတ်တော်နဲ့ ကျွန်တော် ဝေငှသွားပေးပါမယ်။ ဝိညာဥ်တိုက်ပွဲ လို့ပြောလာရင် ဘာနဲ့ဘာ တိုက်ကြတာလဲဆိုတာ နားလည်ထားရပါမယ်။ ဘုရားနိုင်ငံနဲ့ စာတန်နိုင်ငံ၊ နိုင်ငံ နှစ်ခု ရှိပါတယ်။ စာတန်မှာ နိုင်ငံရှိလို့လား လို့မေးကောင်းမေးနိုင်ပါတယ်။ ဒါကို ကျွန်တော် နှုတ်ကပတ်တော်နဲ့ ပြောသွားချင်ပါတယ်။

“ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအ သည် မျက်စိမြင်၍ စကားပြောနိုင်အောင် ကယ်မတော်မူ၏။ လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏ သားတော် ဖြစ်လိမ့်မည် လော ဟု ပြောဆိုကြ၏။ဖာရိရှဲတို့သည်ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင် ထုတ်သည်ဟုဆိုကြ၏။ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည် ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည် နိုင်ရာ။ စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည်မိမိနှင့် ကွဲပြား၏။ သူ၏နိုင်ငံသည် အ ဘယ်သို့ တည်နိုင်မည်နည်း။ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည် မှန်လျှင်၊ သင်တို့၏သားတို့သည် အ ဘယ်သူကို အမှီပြု၍နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည်သင်တို့အား တရား စီရင်သောသူဖြစ်ကြလိမ့် မည်။”(မဿဲ 12:22-27)       

                သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်းလို့ ပြောထားတယ်။ နိုင်ငံဆိုတာက စနစ်တကျဖွဲ့စည်းထားတဲ့ နေရာတစ်ခုဖြစ်တယ်။ စာတန်က ကောင်းကင်က ကျလာတဲ့အချိန်မှာ သူရဲ့ကောင်းကင်တမန် သုံးစုတစ်စုကို ဆွဲချလာပြီးတော့မှ သူက အုပ်စိုးတဲ့အတွက်ကြောင့်သူက စနစ်တကျ အုပ်စိုးထားပြီးသား၊ ကောင်းကင်ဘုံမှာလဲ နေခဲ့ဖူးပြီဖြစ်လို့ သူက စနစ်တကျ လုပ်ဆောင်တတ်တယ်။ သူ့ရဲ့အလုပ်က ခိုးမယ် သတ်မယ် ဖျက်ဆီးမယ် ။ အထူးသဖြင့် တိုက်ခိုက်ချင်တာလဲ ဆိုတာအခါမှာ သူ့နိုင်ငံထဲမှာ ရှိတဲ့သူတွေနဲ့မဟုတ်ဘူး၊ ဘုရားနိုင်ငံထဲမှာ ရှိတဲ့သူတွေနဲ့ တိုက်ဖျက်ချင်တယ်။ ဆွဲချချင်တယ်။

                 ကျွန်တော်တို့က ကောင်းကောင်းနားလည်ရမှာက ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့က ဘုရားသခင်ရဲ့ နိုင်ငံတော်သားအဖြစ် ဖြစ်ခွင့်ကို ဘုရားကပေးလိုက်တယ်။ ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံပြီးသောသူသည် ဘုရားနိုင်ငံသားဖြစ်ရတဲ့အခွင့်ကို ဘုရားက ပြင်ဆင်ပေးတယ်။ ဘုရားရှင်နာမ ကမ္ဘာအဆက်ဆက် ဘုန်းကြီးလျက် မင်္ဂလာရှိပါစေ။

                       ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပြီးသွားလို့ တိုက်ပွဲမရှိဘူးလို့ မခံယူလိုက်ပါနဲ့။ ရှင်ပေါလုက ငါသည် ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုပြီး လို့ရေးထားခဲ့ပါတယ်။ ယခုငါ စုတေရမယ့်အချိန် ရောက်လာတော့မယ်တဲ့။ ကျွန်တော်တို့ကလည်း ယုံကြည်ခြင်းတိုက်ပွဲကို တိုက်နေရတာဖြစ်တယ်။ ဘုရားသခင် သင့်ဆီက လိုချင်တာလဲ ယုံကြည်ခြင်းပဲ။

“ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။” (၂တိ 4:7)

             ဒါဝိတ်ကို ကြည့်ပြီး ကောင်းကြီးပေးမယ်ဆိုရင် ဒါဝိတ်ကို ဘယ်လိုမှ ကောင်းကြီးပေးချင်စရာမရှိဘူး။ ကောင်းကြီးပေးလို့ မရနိုင်စရာတွေ အများကြီးရှိတယ်။ သူ့ရဲ့ယုံကြည်ခြင်းကို ကြည့်ပြီးတော့မှ ဒါဝိတ်ရဲ့မီးခွက် ဘယ်တော့မှ မငြိမ်းစေဘူးလို့ ပြောခဲ့တဲ့ ဘုရားဖြစ်တယ်။ တိုက်ပွဲမှာ ယုံကြည်ခြင်းက အရမ်းအ‌ရေးကြီးပါတယ်။

              ကျွန်တော်တို့တွေက တိုက်ပွဲရှိတဲ့အတွက်ကြောင့် လက်နက်စုံကို ဝတ်ဆင်ထားဖို့ အတွက် ဧဖက် ၆ မှာ ပြောထားတာဖြစ်တယ်။ သင်က ဘုရားနိုင်ငံတော်ထဲကို ဝင်ရောက်လာတဲ့နေ့က စပြီးတော့ သင့်ကို ဘုရားရှင်က ခိုးဖို့ သတ်ဖို့ ဖျက်ဆီးဖို့ ကြံစည် ချောင်းမြောင်းနေတာဖြစ်တယ်။ မပေါ့ဆကြပါနဲ့။ ကိုယ့်ကိုယ်ကို ကယ်တင်ခြင်းရပြီ ယုံကြည်သူဖြစ်ပြီ ဆိုတဲ့အချက်နဲ့ အဲ့ဒီနေရာမှာ ရပ်မနေဖို့ လိုပါတယ်။ မာရ်နတ်က လစ်တာနဲ့ ဘယ်လိုဆွဲချရမလဲလို့ ချောင်းမြောင်းနေတာ ဖြစ်တယ်။ သူ့မှာ အားနည်းချက်ဘာရှိလဲ? ငါသူ့ကို ဘယ်နေရာ ဘယ်ဘက်ကနေတိုက်ခိုက်လို့ ရမလဲဆိုပြီး အမြဲ ကြံစည်နေတာဖြစ်တယ်။ လမ်းလွဲသွားအောင် ဘုရားမျက်မှောက်တော်ထဲက ထွက်သွားအောင် ဝိညာဥ်တော်စိတ်နာအောင် လုပ်ဖို့ အတွက်သူက အမြဲပြင်ဆင်နေတာဖြစ်တယ်။

“မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင် ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည် မဟုတ်။ အထွဋ်အမြတ် တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏”(ဧဖက်6:11-12)

              ဒီလို တိုက်ပွဲက အမြဲရှိတဲ့အတွက်ကြောင့် သင်က ကိုယ့်ခွန်အားနဲ့ကိုယ် ကြိုးစားပြီးတိုက်မယ်ဆိုရင် သင်ရှုံးမှာပဲ။ ဘုရားသခင်က ကျွန်တော်တို့ကို သမာသဓိ ရှိဖို့လိုကြောင်း သတိပေးနေတယ်။ ဘုရားသခင်ရဲ့ လက်နက်စုံကို ဝတ်ဆင်တတ်ဖို့ အင်မတန်အရေးကြီးပြီး ဒီဝိညာဥ်တိုက်ပွဲကို တိုက်နိုင်ဖို့ ဝိညာဥ်တော်မစမှုလိုအပ်တယ်။ ယောဘက ပြဿနာ ဖြစ်နေတဲ့ အချိန်မှာ အဓိက ကအပေါ်မှာ ဖြစ်တယ်။ ဘုရားနဲ့စာတန်က ယောဘအကြောင်းကို ပြောနေကြတာဖြစ်တယ်။ ယောဘက ဘာမှ မသိပေမယ့် သူ့ရဲ့ယုံကြည်ခြင်းနဲ့ သူတိုက်လှန်သွားတာဖြစ်တယ်။ သူတိုက်နိုင်တာမဟုတ်ဘူး၊ ဘုရားက တိုက်ပေးတာ ဖြစ်တယ်။ ကျမ်းစာထဲမှာ မာရ်နတ်ကို ဆီးတားပါ ၊ ခံရပ်ပါ။ ထိုသူသည် သင့်ထံမှ ပြေးသွားလိမ့်မည်လို့ ပြောတာဖြစ်တယ်။ မာရ်နတ်ကို ဘယ်လိုဆီးတားမလဲ? ဘယ်လိုခံရပ်မလဲ? အဲ့ဒါကို ပြောနေတာဖြစ်တယ်။


“ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ခြင်း ရှိကြလော့။”(ဧဖက် 6:10)

            လောကမှာရှိစဥ်မှာ ဘုရားသခင်ပြင်ဆင်ထားတဲ့ ကောင်းကြီး မင်္ဂလာတွေကို သင့်ကို ဘုရားက အကုန်ပေးချင်တာ ဖြစ်တယ်။ သားတော်ကို ရရင် သင်က အကုန်ရပြီးသားလို့ ပြောထားတာဖြစ်တယ်။ ဘုရားနဲ့ မျက်ခြေမပြတ်ပဲ အဆက်အသွယ် အမြဲရှိနေဖို့ အရေးကြီးတယ်။

“ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။” (ဗျာဒိတ် 5:12)

               မာရ်နတ်ရဲ့နိုင်ငံက ဘယ်မှာရှိသလဲဆိုရင် ဒီအချိန် ဒီမြေကြီးပေါ်မှာ သူအုပ်စိုးပြီး သူအကြီးအကျယ် အလုပ်လုပ်နေတာ ဖြစ်တယ်။ မာရ်နတ်က ငရဲမှာရှိနေတာမဟုတ်ဘူး ဆိုတာကို ဧဖက် 6: 12 မှာဖော်ပြထားတာဖြစ်တယ်။ မိုးကောင်းကင်မှာနေတဲ့ နတ်ဆိုးတို့နှင့်၎င်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏ လို့ ပြောထားခဲ့တယ်။

“တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်း ကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။ ထိုသူသည်ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည့် အကြောင်းကို ငါသိ၏။ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင်သိတော်မူ၏။”(၂ကော 12:2-4)

           တတိယကောင်းကင်ဘုံက ဘုရားအုပ်စိုးပြီး အခုလက်ရှိကောင်းကင်ကိုတော့ မာရ်နတ်က အုပ်စိုးနေတာဖြစ်တယ်။

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး 1:1)

လို့မြန်မာကျမ်းစာမှာ ဖော်ပြထားပြီး အင်္ဂလိပ်ကျမ်းစာမှာတော့ “In the beginning God created the heavens and the earth.”  လို့ဖော်ပြထားတာ အရမ်းရှင်းပါတယ်။ Heavens မှာ s ပါပြီး Earth မှာ တစ်ခုထဲကိုပဲဖော်ဆောင်ထားတာ တွေ့ရတယ်။ တတိယကောင်းကင်ဘုံကို ဘုရားက အုပ်စိုးထားပြီး ကျွန်တော်တို့ မြင်‌နေရတဲ့ ဒီကောင်းကင်ဘုံကိုတော့ မာရ်နတ်က အုပ်စိုးထားတယ်။

“ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။ထိုသို့မယုံကြည်သောသူတိုကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည်သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။” (၂ကော 4:3-4)

            ဤလောကကို အစိုးရသောဘုရားလို့ သုံးထားတာတွေ့ရတယ်။ ဒါကြောင့်ယေရှုက ပြောသွားတာ ဤလောကသည် ငါနှင့်မဆိုင်၊ ငါ့နိုင်ငံရှိတယ် လို့ပြောခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဘုရားသားသမီးတွေ သိရမှာက ဒီလောက ကကျွန်တော်တို့နဲ့ မဆိုင်ဘူး ဆိုပေမယ့် ဒီလောကမှာရှိစဥ်မှာ ကျွန်တော်တို့ကို ဘုရားရှင်က အုပ်စိုးခြင်းအာဏာနဲ့ အုပ်စိုးစေချင်တာဖြစ်တယ်။ အလိုတော်သည် ကောင်းကင်ဘုံမှာ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေဆိုတာ မြေကြီးအရာကို စွဲလမ်းဖို့ မဟုတ်ဘူး။ မြေကြီးပေါ်မှာ ဘုရားဘုန်းတော် ထင်ရှားဖို့ဖြစ်တယ်။

              ဒီနေရာက စာတန်ရဲ့နယ်မြေဖြစ်ပြီး ကျွန်တော်တို့ကို ဘုရားက ဒီနေရာကို ပို့ဆောင်ထားခြင်းက ကျွန်တော်တို့ အားဖြင့် ဘုရားဘုန်းတော်ကို ထင်ရှားစေဖို့ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မိဘမဲ့လိုမျိူး စွန့်ပစ်မထားဘူး လို့ ပြောခဲ့ပြီးသားဖြစ်တယ်။ သန့်ရှင်းသောဝိညာဥ်တော်ကို ဒီလောကို စေလွှတ်ပြီး ကျွန်တော်တို့ကို ကူမဖို့ ထားရှိပေးထားတာဖြစ်တယ်။

                ယေရှုခရစ်တော် ရက်လေးဆယ် အစာရှောင်ပြီးတဲ့အခါ မာရ်နတ်က လာတယ်။ ကျောက်ခဲကို မုန့်ဖြစ်အောင်လုပ်ခိုင်းပြီး စားခိုင်းတယ်။ လူက မုန့်နဲ့အသက်ဆက်နေရတာ မဟုတ်ဘူး ဘုရားရဲ့အမိန့်စကားတွေနဲ့ အသက်ရှင်နေရတာဖြစ်တယ်လို့ ယေရှုကပြန်ပြောခဲ့တယ်။ တိုင်းနိုင်ငံတွေ အနှံ့ကို ပြပြီး အားလုံးကို ယေရှုကို ပေးမယ် ငါ့ကိုရှိခိုးရမယ် ဆိုပြီးပြောတဲ့အခါ ဘုရားသခင် ထာဝရဘုရားကိုသာ ဝတ်ပြုကိုးကွယ်ရမည်လို့ ယေရှုပြန်ပြောခဲ့တယ်။ ဘုရားသခင် တစ်ပါးတည်းသာလျင် ကိုးကွယ်ရာဖြစ်တယ်။ ကိုးကွယ်ခြင်းကို ခံခြင်းတာ မာရ်နတ်ရဲ့ လုပ်ရပ်ဆိုတာ တွေ့ရတယ်။ သင့်အသက်တာမှာ ချီးမြှောက်ခံချင်တာ အထင်ကြီးခံချင်တာ တွေက မာရ်နတ်ရဲ့ လုပ်ရပ်တွေဖြစ်တယ်။ ကျွန်တော်တို့က ဘုရားကို ချီးမြှောက်သောသူ ကိုးကွယ်သောသူ များသာ ဖြစ်ကြပါစေ။

                       တတိယကောင်းကင်ဘုံကို ဘုရားသခင်အုပ်စိုးပြီး ဒီမြေကြီးက လောကရဲ့ဘုရားဖြစ်တဲ့ မာရ်နတ်က အုပ်စိုးထားတဲ့အတွက် မျက်စိတွေကို ပိတ်ထားတယ်။ ဒါပေမယ့် သင်က ခရစ်တော်ရပြီးတဲ့ အချိန်မှာ မျက်စိကပွင့်သွားခဲ့ပြီ။ ခရစ်တော်ကို မရဖို့ လုပ်ထားပေမယ့် သန့်ရှင်းသောဝိညာဥ်တော် တန်ခိုးနဲ့ ဝိညာဥ်တော်မစခြင်းနဲ့ ကျွန်တော်တို့ မျက်စိက မြင်သွားပြီဖြစ်တယ်။

“ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင်၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ၏။ ထိုဗျာဒိတ် တော်စကားမှန်ပေ၏။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။ ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။”(ဒံယေလ 10:1-2)

             နှစ်ဆယ့်တစ်ရက်တိုင်တိုင် ဒံယေလအစာမစားပဲ ဆုတောင်းတယ်။ဘုရားမျက်မှောက်တော်ထဲ သူတိုးဝင်တယ်။ အဖြေမရ မချင်း သူဆက်ဆုတောင်းတယ်။ သူရူပါရုံရထားတဲ့ အရာအတွက် သူဆုတောင်းတယ်။ နှစ်ဆယ့်တစ်ရက်ကြာမှာ ကောင်းကင်တမန်က ရောက်လာတယ်။ ဒံယေလဆုတောင်းသံက ဘုရားဆီကို ပထမနေ့ကတည်းက ရောက်နေခဲ့တာ ဖြစ်ပေမယ့် ဘုရားလွှတ်လိုက်တဲ့ ကောင်းကင်တမန်ကို စာတန်က ဆီးတားတယ်ဆိုတာ ဖော်ပြထားတယ်။

                       “ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက် နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကိုကြားတော်မူပြီ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ။ ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍ နေရ၏။” (ဒံယေလ 10:13)

              သင်ဆုတောင်းပါ၊ ဘုရားသခင်က အချိန်တန်ရင် လုံးဝအံ့သြဖွယ်ရာလုပ်မယ်ဆိုတာ သင်သိပြီး သင်ဆုတောင်းပါ။ လုံးဝမရပ်သွားပါနဲ့။ ဘယ်လောက်ကြာကြာ ဘုရားက အဖြေပေးမယ်လို့ ယုံကြည်ပြီးဆုတောင်းခဲ့တာ နောက်ဆုံးဘုရားက အဖြေပေးခဲ့တာပဲ မဟုတ်ဘူးလား?

“ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ ရှိသောသူထက် သာ၍ ကြီးတော်မူ၏။”(၁ယော 4:4)

                  သင်ဘုရားနဲ့မျက်ခြေမပြတ်သွားပါစေနဲ့။ဒံယေလကဲ့သို့ ရင်ဆိုင်ရသောအရာများကို ဇွဲမလျော့ပဲ ယုံကြည် မျှော်လင့်တတ်ပါစေ။ အချိန်တန်ရင် သင့်အတွက် ဘုရားပြင်ဆင်ထားတဲ့ မင်္ဂလာတွေ အလုံးအရင်းနဲ့ ကောင်းကြီးမိုးတွေ သင့်အတွက် ရွာသွန်းလာပါလိမ့်မယ်။ အယောက်စီတိုင်းကို ဘုရားသခင်ကောင်းကြီးပေးပါစေ။