Daily bread

Apr 27, 2024    Pastor David Lah

                         

                 အားလုံးပဲမင်္ဂလာပါ။ ရှေးဦးစွာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ဂရုဏာတော်သည် အစဥ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ရှေးဦးစွာ ဘုရားသခင်ထံမှ လာတဲ့ ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း အောင်မြင်ခြင်း ကျန်းမာခြင်းတို့သည် သင်နှင့်သင်မိသားစု အပေါ်သို့ ကျရောက်ပါစေလို့ ကောင်းကြီးမင်္ဂလာကို ကြေငြာလိုက်ပါတယ်။

                ဒီအချိန် ဒီကာလက နှုတ်ကပတ်တော်နဲ့ နေ့တိုင်း အသက်တာကို တည်ဆောက်သွားရမယ့် ကာလဖြစ်နေပါတယ်။ ဘုရားသခင်က နေ့စဥ် နှုတ်ကပတ်တော်ကို ကြားစေတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ဘုရားသခင်က ယုံကြည်သူ အသင်းတော်တွေကို ယိုင်လဲမသွားအောင် နှုတ်ကပတ်တော်နဲ့ တည်ဆောက်ခိုင်းနေတာဖြစ်တယ်။

                 ဒါကြောင့် နေ့တိုင်းမှာ ‌နှုတ်ကပတ်တော်နဲ့ သွားပါ၊ ဆင်ခြင်ပါ၊ အချိန်မရှိဘူးလို့ ပြောနေရင် သင်က အချိန်ကို အသုံးမချတတ်သူဖြစ်တယ်။ သင်က ဆု‌တောင်းဖို့ အချိန်မပေးနိုင်လောက်အောင် နှုတ်ကပတ်တော်ခံယူဖို့ အချိန် မပေးနိုင်လောက်အောင် သင်က အချိန်မရှိဘူးဆိုရင် သင့်အချိန်တွေ အခိုးခံနေရပြီ။ ဘုရားသခင်နဲ့ အချိန်ယူဖို့ အချိန် အခိုးခံရပြီဆိုရင် သင့်အနာဂတ်က မလှတော့ဘူး၊ သင့်အနာဂတ်က အောင်မြင်ပြီး လှပတဲ့ အနာဂတ်ဖြစ်ချင်ရင် သင် နှုတ်ကပတ်တော်ကို အချိန်ပေးရမယ်။

                 ဒါဝိတ်မင်းကြီးက မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက် လူဆိုးတို့၏လမ်းတွင် မရပ်မနေ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်လို့ပြောထားတာက မတရားတဲ့သူတွေရဲ့ စကားတွေနောက်လိုက်ရင် လူဆိုးတွေရှိတဲ့ နေရာမှာ သင်ရှိနေမိရင်တော့ သင့်ရဲ့အချိန်တွေ အခိုးခံရပြီး ဆုံးရှုံးမှာဖြစ်တယ်။ လုပ်သင့်တာ သင်မလုပ်ပဲ မလုပ်သင့်တာ သင်လုပ်နေပြီဖြစ်တယ်။ လုပ်သင့်တာ မလုပ်ပဲ မလုပ်သင့်တာ လုပ်ရင် မဖြစ်သင့်တာ သင်ဖြစ်တော့မယ်။ သင်မဖြစ်ချင်တာတွေ သင့်အသက်တာထဲမှာ ဖြစ်လာတော့မယ်။ မဖြစ်ချင်တာတွေ မဖြစ်သင့်တာတွေ အသက်တာထဲမှာ ဖြစ်လာရခြင်းက သင်မလုပ်သင့်တာတွေ လုပ်မိနေလို့ပဲ ဖြစ်ပြီး မလုပ်သင့်တာ လုပ်မိနေတာကလည်း လူဆိုးတွေရဲ့နေရာကို သင်ရောက်ရှိနေခြင်းကြောင့်ဖြစ်တယ်။ သင်ကိုးကွယ်တဲ့ဘုရားကို မထီမဲ့မြင်ပြုတဲ့ သူတွေကြားသင်ပျော်မွေ့နေမိခြင်းကြောင့် ဖြစ်တယ်။ ဒီသုံးဖွဲ့က အချိန်ကို တန်ဖိုးမထားသူတွေဖြစ်တယ်။

                 သင်လုပ်တဲ့အရာက သင့်အတွက် ကောင်းကြီးဖြစ်စေပြီး သူတစ်ပါးအတွက် မင်္ဂလာဖြစ်စေတဲ့အရာ အနာဂတ်အတွက် ပြင်ဆင်တဲ့အရာဖြစ်ရင် ထလုပ်ပါ။ ဒါပေမယ့် သင်လုပ်တဲ့အရာက သူများအတွက် ထိမိ၍လဲစရာဖြစ်ပြီး သင့်အသက်တာအတွက် အမင်္ဂလာဖြစ်စေမယ် ဆိုရင်တော့ သင်မလုပ်ပါနဲ့။


                  “ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။” (ယောဟန် 9:4)


           ယေရှုခရစ်တော် လောကမှာ အသက်ရှင်စဥ် ကာလတစ်လျှောက် ဘယ်တော့မှ သူအချည်းအနှီး မနေခဲ့ဘူး၊ သူလုပ်စရာရှိတယ် သူအကုန်လုပ်ခဲ့တယ်။ သူပြင်ဆင်တယ်၊ သူလုပ်ဆောင်ခဲ့တယ်။ သင့်အသက်တာမှာ‌ နောင်တမရစေဖို့ ဘုရားအလိုရှိတယ်။

               ဘုရားကို အချိန်ပေးမယ်ဆိုရင် အခုကတည်းက အချိန်ပေးပါ။ သင်အိပ်ယာပေါ်ရောက်တဲ့ အချိန်ကျရင် ဘုရားကို သင်အချိန်မပေးနိုင်တော့ဘူး။ သင်ကျန်းမာနေချိန်တုန်းက ဘုရားကိုအချိန်ပေးထားခြင်း ဘုရားနဲ့ သင်ခွန်အားယူထားခြင်းက သင်အိပ်ယာပေါ်လဲတဲ့အချိန်မှာ သင့်အတွက် ခွန်အားယူဖို့ သင့်နှလုံးသားက အဆင်သင့်ဖြစ်နေခဲ့ပြီ။ ခန္ဓာက အဆင်သင့် မဖြစ်ပေမယ့် သင့်နှလုံးက အဆင်သင့်ဖြစ်နေခဲ့ပြီ၊ သင့်ရဲ့ဝိညာဥ်က အဆင်သင့်ဖြစ်နေခဲ့ပြီ။ ဒီအခါမှာ သင့်ရဲ့ ခန္ဓာအတွက် သင့်ရဲ့ ဝိညာဥ် နှလုံးသားက သင့်ကို ပြန်ဆွဲထူသွားလိမ့်မယ်။သင်အချိန်မဖြုန်းပါနဲ့။   ( Desire + Decision = Success ) ဆန္ဒနဲ့ဆုံးဖြတ်ချက်ကိုပေါင်းပြီး အကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်သောသူ တစ်ဦး ဖြစ်လာမှာ ဖြစ်တယ်။


“ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော်၊ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။” (မဿဲ 4:18-20)


                   ဘုရားသခင်က ချက်ချင်းစလုပ်တဲ့သူနဲ့ပဲ အလုပ်လုပ်ချင်တာဖြစ်တယ်။ အချိန်ဆွဲသူတွေနဲ့ ဘုရားက အလုပ် မလုပ်ချင်ဘူး၊ သင်ဘာတွေ လုပ်နေလဲ? ဒီကနေ့ကစပြီး မိသားစုအတွက် ပတ်ဝန်းကျင်အတွက် သင်ရည်ရွယ်ထားတဲ့ အရာတွေအတွက် သင်လုပ်စရာရှိတာ သင်လုပ်ပါ။ နောင်လာတဲ့ မျိူးဆက်အထိ ကောင်းကြီးဖြစ်စေချင်ရင်တော့ သင်အခုကတည်းက ပြင်ဆင်လုပ်ဆောင်ပါ။ မောရှေက ယောရှုကို ဆွဲခေါ်ခဲ့တယ်။ ယောရှုက ဘယ်သူ့မှ ဆွဲမခေါ်နိုင်ခဲ့ဘူး။ ဧလိယက ဧလိရှဲကို ဆွဲတင်နိုင်ခဲ့ပေမယ့် ဧလိရှဲက ဘယ်သူ့ကိုမှ ဆက်မဆွဲတင်နိုင်ခဲ့ဘူး။


“အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။” (မဿဲ 8:21-22)


                    သင်ရှိနေတဲ့အချိန်မှာ သင့်အားဖြင့် ပတ်ဝန်းကျင် ကောင်းကြီးဖြစ်ဖို့ သင်လုပ်ဆောင်ပါ။ သင်လုပ်စရာရှိတာကို လုပ်ရမယ့်အချိန်မှာ သင်ထလုပ်ခဲ့တဲ့အတွက် သင့်နောက်ဆုံးအချိန်မှာ သင်နောင်တမရဘူး၊ သင်ပြုံးပြုံးလေးနဲ့ လောက ကနေထွက်ခွာသွားနိုင်တယ်။ ဘုရားသခင်အရှေ့မှာ အမှုပြီးပြီလို့ ယေရှုပြောသကဲ့သို့ သင်ပြောနိုင်တဲ့အသက်တာဖြစ်ဖို့ ဘုရားသခင် အလိုရှိတာဖြစ်တယ်။ အချိန်ဆွဲတာကို ဘုရားသခင်က မကြိုက်ဘူး၊ ၃၃ နှစ်ခွဲ လုံးလုံးမှာ ယေရှုခရစ်တော်က အမှုပြီးစီးအောင် လုပ်သွားခဲ့တာဖြစ်တယ်။


“ထိုကြောင့် အိပ်ပျော်သူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။”(ဧဖက်5:14)


                    ဒီမှာ အိပ်ပျော်သောသူဆိုတာ အချိန်ဆွဲနေတဲ့သူကို ပြောနေတာဖြစ်တယ်။ ပျင်းတဲ့သူနဲ့ ဘုရားသခင်က အလုပ်မလုပ်ဘူး။ စိတ်ကူးယဥ်နေလို့ မရတဲ့အချိန်ဖြစ်နေပြီ။ ဘာထလုပ်ရမလဲဆိုတာ မသိရင် ဘုရားနဲ့အချိန်ယူပြီး မေးပါ။ လောကသားတွေနဲ့ တိုင်ပင်တာထက် ဘုရားစကားကို ကြားတတ်ဖို့ ဘုရားနဲ့ အချိန်ယူပါ။ နှုတ်ကပတ်တော်ကို ယူပြီး အကြံတောင်းပါ။ ကောင်းတာတွေကို ထလုပ်တဲ့အခါ မကောင်းတာတွေကိုလည်း ချက်ချင်းပြင်ပါ။ သင်မရှိချင်တဲ့ နေရာ သင်မတွေးချင်တော့တဲ့ အတွေးအခေါ်တွေ အတွက် ဘုရားဆီမှာ မစခြင်းကိုခံယူပါ။ တောင်းလျှောက်ပါ။ တန်ခိုးပါတဲ့စိတ် ချစ်တတ်တဲ့စိတ် ရှင်းလင်းတဲ့စိတ်နဲ့ အသက်ရှင်ချင်တယ်၊ ဝိညာဥ်တော်ဘုရားက မစပေးဖို့ တောင်းလျှောက်ပါ။ ဝိညာဥ်တော်ဘုရားက သင်နဲ့အတူ အလုပ်လုပ်လာတဲ့အထိ သင်အချိန်ယူပါ။

                လောက အရာတွေကို အချိန်ပေးမယ့်အစား နှုတ်ကပတ်တော်ကို အချိန်စပေးပါ။ အတွေးထဲမှာပဲ လည်နေသူတွေ စလုပ်ပါ။ သင်ချက်ချင်း ထမလုပ်မချင်း သင်ဘာမှ ဖြစ်မလာဘူး။ အချိန်မဖြုန်းပါနဲ့။ အာဗြံဟံကို မင်းအမျိူးထဲက ထွက်ခဲ့လို့ ပြောတဲ့အခါ ဘုရားစကားကို ယုံကြည်ပြီး အာဗြံဟံချက်ချင်းထွက်ခဲ့တယ်။ လောတကို သောဒုံနဲ့ ‌ဂေါမောရ ကနေ ချက်ချင်းထွက်တော့လို့ ပြောတဲ့အချိန်မှာ လောတက အချိန်ဆွဲနေလို့ ကောင်းကင်တမန်တွေက အတင်းဆွဲထုတ်ခဲ့ရတယ်။ ချက်ချင်းလုပ်တာကို ကြိုက်တဲ့ဘုရားဖြစ်တယ်။ နေ့‌ရွှေ့ ညရွှေ့ လုပ်တဲ့သူနဲ့ ဘုရားက အလုပ်မလုပ်ဘူး။


“ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။” (ဧဖက် 5:15-16)


                                 သင့်အသက်တာမှာ ဘုရားလုပ်ခိုင်းတာကို မလုပ်ပဲနေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ? လုပ်လိုက်လို့ နောင်တရတာထက် မလုပ်လိုက်ရလို့ နောင်တရတာက ပိုများတယ်။ လုပ်စရာရှိတာ ထလုပ်ပါ။ အချိန်မဖြုန်းပဲနဲ့ သင်လုပ်စရာရှိတာ ထလုပ်ခြင်းဖြင့် ဘုရားက သင်လုပ်ရမယ့်အလုပ်တွေ တစ်ခုပြီး တစ်ခု ပြလာမှာ ဖြစ်တယ်။ ပေတရုနဲ့ အိန္ဒြေကို ဘာလို့ရွေးကောက်ခဲ့တာလဲ ? ခေါ်တာနဲ့ ချက်ချင်းလိုက်တဲ့သူဖြစ်လို့ ဖြစ်တယ်။ ဘုရားက ဆုတောင်းဖို့ ဖော်ပြရင် ချက်ချင်းဆုတောင်းပါ၊ ပေးဖို့ဖော်ပြရင် ပေးပါ၊ တောင်းပန်ခိုင်းရင် ချက်ချင်းတောင်းပန်ပါ။ လုပ်ခိုင်းရင် ချက်ချင်းလုပ်ပါ။

                      သင့်ရဲ့အချိန်ကို စာတန်မခိုးယူမိပါစေနဲ့။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က သင့်ကို အချိန်မဆွဲစေချင်ပါဘူး။ လုပ်စရာရှိတာ ချက်ချင်းထလုပ်ပါ။ ဘုရားသခင်ရဲ့ အသံတော်ကို ကြားတတ်ပြီး ဘုရားခိုင်းသော အမှုကို ပြီးစီးအောင် လုပ်တတ်သူများ ဖြစ်ခြင်းအားဖြင့် ကိုယ့်တော့်ရဲ့ ဘုန်းတော် နာမတော် ထင်ရှားစေသူများဖြစ်ကြပါစေ။