Daily Bread

Apr 29, 2024    Pastor David Lah


အားလုံးမင်္ဂလာပါ။ ဘုရားသခင်ပြင်ဆင်ပေးခြင်းအားဖြင့် တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် ဘုရားရှင်ပို့ဆောင်ခဲ့တဲ့အရာတွေ ပြန်လည်ရေတွက်မယ်ဆိုရင် ကျေးဇူးတော်ချီးမွမ်းစရာ သက်သက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ကောင်းမြတ်ခြင်းကို ဆာလံဆရာက ဘာပြောသလဲဆိုတော့ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဥ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းဖို့ပဲ ဖြစ်တယ်တဲ့။

“ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေး အကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။” (၂ကော 2:14)

             ကျွန်တော်တို့က ခရစ်တော်အားဖြင့် အောင်ပွဲကိုအစဥ်ခံနေသူတွေဖြစ်တယ်။ သင့်အသက်တာထဲမှာ ဘယ်အရာကမှ သင့်ကို ဝမ်းနည်းအောင် စိတ်ပျက်အောင်လုပ်လို့ မရဘူး။ သင်က အဓိကဖြစ်တယ်။ သူများပြောစကားကို အာရုံစိုက် နေရင်တော့ သင်စိတ်ဓါတ်ကျနေမယ်၊ စိတ်ပျက်ဝမ်းနည်းနေမယ်ဖြစ်တယ်။ သူများကို စိတ်ကျေနပ်အောင်ပဲ ကြိုးစားနေတဲ့သူက သူ့ရဲ့အဆုံးက ဝမ်းနည်းခြင်းနဲ့ပဲ အဆုံးသတ်ရတယ်။ သူများကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးဘူး၊ သင့်ကိုယ်သင်အောင်မြင်သောသူလို့ သင်မြင်လား? မြင်တဲ့အတိုင်းသင်ဖြစ်တယ်။ သင့်ကိုယ်သင် ဘယ်လိုစကားတွေနဲ့ ပြန်ပြောမိနေလဲ? ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့စကားတွေလား? ဒါဆိုရင် သင်က သင့်ကိုယ်သင် ကျိန်ဆဲနေတာဖြစ်တယ်။ အမင်္ဂလာဖြစ်အောင် သင်လုပ်နေတာဖြစ်တယ်။ သူများသင့်ကို ဘာပြောလဲ အရေးမကြီးဘူး၊ သင့်အနာဂတ်ကို သင်ဘာပြောနေလဲဆိုတာ အရေးကြီးတယ်။

              ကျွန်တော်တို့အသက်တာထဲမှာ ဘာတွေ တွေးနေလဲ? အပြုသဘောဆောင်တာကို ပဲတွေးနေတဲ့သူက အပြုသဘောဆောင်တဲ့ စကားကိုပဲပြောတယ်။ ဒီကမ္ဘာကြီးက အပျက်သဘောတွေနဲ့ပဲ ပြည့်နေတယ် ၊ မကောင်းတဲ့ ဘက်ကနေ တွေးတဲ့သူတွေ များနေတဲ့ အခါ အပြောတွေက အပျက်သဘောတွေပဲ ဖြစ်နေပြီး သင်က အဲ့ဒီကြားထဲမှာ လိုက်ပြောမိနေမယ်၊ သင့်ရဲ့ပြောဆိုမှုတွေက သင့်ကို ဝါးမြိုသွားလိမ့်မယ်။ သင့်ရဲ့လျှာမှာ တန်ခိုးရှိတယ်။ သင့်ကိုယ်သင် ဘာတွေပြောနေလဲဆိုတာက သူများသင့်ကို ပြောတာထက်ပိုအရေးကြီးတယ်။ သင့်ရဲ့အနာဂတ်ကို သင့်ရဲ့ပြောဆိုခြင်း သင့်ရဲ့ယုံကြည်ခြင်းကပုံဖော်သွားတယ်။ သူများသင့်ကို ယုံတာမယုံတာ အရေးမကြီးဘူး၊ သင့်ကိုယ်သင် ယုံကြည်မှူ တည်ဆောက်ပြီး သွားတတ်ဖို့ အရမ်း အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို သံသယဝင်နေတဲ့သူက ဘယ်တော့မှ အောင်မြင်ခြင်းမရဘူး။

“ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။”(ဖိလိပ္ပိ 4:13)

“ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။” (ဟေဗြဲ 11:1)

             ဒီနှုတ်ကပတ်တော်က ကျွန်တော်အမြဲဆင်ခြင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ မျှော်လင့်တဲ့အရာက ဖြစ်ကို ဖြစ်လာမယ် လို့ စိတ်ချစွဲလမ်းတာ ဖြစ်တယ်။ ပုံဖော်နေတာဖြစ်ပြီး မမြင်ရသေးပေမယ့် စိတ်ချပြီး စွဲလမ်းနေတာဖြစ်တယ်။ ငါအောင်မြင်မယ် လို့ မအောင်မြင်သေးခင်မှာ ကြိုတင် ယုံကြည်ထားတာ ဖြစ်တယ်။ သင့်အနာဂတ်ကို သင်ဘယ်လို ပုံဖော်ထားလဲ? ပုံမဖော်ရသေးရင် စတင်ပုံဖော်ပါ။

              ဟောလီးဝုဒ်က Jim Carrey ဆိုတဲ့ အရမ်းအောင်မြင်တဲ့ ဟာသမင်းသားက တစ်ချိန်က သိပ်ဆင်းရဲတယ်။ သူ့အစ်မအိမ်က သူ့ကိုလက်မခံတဲ့အတွက် သူအစ်မအိမ်ရဲ့ ကားထိုးတဲ့နေရာမှာ ရပ်ပြီး ကားထဲမှာပဲ ရက်ပေါင်းများစွာ အိပ်ရတယ်။ သူယုံကြည်မှုထားတယ်။ ချက် စာရွက်ပေါ်မှာ 1 million dollars ရေးရေးပြီးတော့ သူ့အဖေဆီကို လှမ်းလှမ်းပို့တယ်။ သူ့အဖေက သွားထုတ်တယ်။ ပိုက်ဆံကရှိမနေဘူး။ ပိုက်ဆံမရှိတဲ့ ချက်လက်မှတ်တွေ ငါ့ဆီမပို့လာနဲ့လို့ သူ့အဖေက သူ့ကို ပြောတယ်။ မကြာခင်မှာ အဲ့ဒီ 1 million dollars ချက်က ရောက်ကိုရောက်လာမယ်၊ အဖေစောင့်ကြည့်ပါ လို့ သူ့ပြန်ပြောခဲ့တယ်။ သူ့အဖေရော သူ့အစ်မပါ သူ့ကို အားမပေးခဲ့ဘူး။ မဟုတ်တာတွေ လျှောက်မစဥ်းစားဖို့ လျှောက်မလုပ်ဖို့ အမျိူးစုံပြောကြတယ်။ အလုပ်ကောင်းကောင်းလုပ်လို့ပဲ ပြောတယ်။ တစ်ရက်မှာ ဟောလီးဝုဒ်ရဲ့ တောင်ပေါ်သူတက်သွားပြီး တစ်နေ့မှာ ငါကဟောလီးဝုဒ်ရဲ့ ဟာသမင်းသားထဲမှာ အအောင်မြင်ဆုံးသူ ဖြစ်ရမယ်လို့ တောင်ထိပ်ကနေ သူအော်ခဲ့တယ်။ သူပြောပြီး သူပုံဖော်တယ်။ အံ့သြစရာပဲ သူ့ကို ဒါရိုက်တာတစ်ယောက်က သဘောကျပြီး ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ Dumb and Dumber ဆိုတဲ့ရုပ်ရှင်ကားကို ရိုက်ပြီး အရမ်းအောင်မြင်သွားတယ်။ millions နဲ့ချီတဲ့ ငွေတွေရခဲ့တယ်။ သူ့အဖေဆီကို ငွေရှိတဲ့ ချက်လက်မှတ် ပို့ပေးနိုင်ခဲ့တယ်။ သူယုံကြည်တာကို သူဝန်ခံပြောဆိုခဲ့ပြီး သူရခဲ့တယ်။

“ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသော ကြောင့်၊သင်၌ မကောင်းသော အနိဌရုပ်မကပ် မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။” (ဆာလံ 91:9-10)

 ဘုရားသခင်က သင့်ရဲ့ခိုလှုံရာဖြစ်တာသင်သိပြီး သင်စိတ်ချတတ်ရင် မကောင်းသောအရာတွေက သင့်အနားကို တောင် ကပ်ခွင့်မရှိဘူး။ သင့်အိမ်မိသားစုမှာ အဆင်မပြေတာတွေ သင်တွေ့တိုင်း အဆင်မပြေဘူးပဲ သင်ပြောနေရင် ဘယ်တော့မှ သင်အဆင်ပြေလာမှာ မဟုတ်ဘူး။ သင့်အိမ်ထဲမှာ သင်မင်္ဂလာစကားတွေ များများပြောကြည့်ပါ။ သင်မင်္ဂလာတွေကို မြင်လာပါလိမ့်မယ်။ ကျွန်တော့်နှုတ်က ကျွန်တော် ဝန်ခံတဲ့အရာတွေ အားလုံး ကျွန်တော့် အသက်တာမှာ ကောင်းကြီး ဖြစ်လာတယ်။

“လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။” (သုတ္တံ18:21)

“ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိ လျက်၊ ညစ်ညူးသော နှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း ဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏။ထိုအခါ ကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏ နှုတ်ခမ်းကို တွေ့ပြီ။ သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။”( ဟေရှာယ 6:5-7)

                       ပရောဖက်ဆိုတာက အင်မတန်မှ တန်ခိုးပါတယ်။ သူ့ရဲ့ နှုတ်က သူပြောရင်ဖြစ်တယ်။ ဘုရားက ဟေရှာယကို အမှုတော်ထဲမှာ အကြီးကြီး အသုံးပြုတော့မယ့်အခါ ဟေရှာယရဲ့နှုတ်ကို အရင်ဆုံး မီးခဲနဲ့တို့တယ်လို့ပြောတယ်။ ဟေရှာယကို နှုတ်ကနေဝန်ခံခိုင်းတယ်၊ ပရောဖက်ပြုခိုင်းတယ်။  အမိန့်ပေးခိုင်းတယ်။ အရိုးတွေ ကအသားတက်လာပြီး အသက်ရှင်တဲ့ ဗိုလ်ခြေတွေ ပြန်ဖြစ်စေခဲ့တယ်။ သူဝန်ခံတာကို ဘုရားသခင်က ဖြစ်စေခဲ့တယ်။

               နှုတ်က သိပ်အရေးကြီးတယ်။ ၄ ရာ 7 ကိုဆင်ခြင်တဲ့အခါမှာ ရှမာရိမြို့မှာ အစာခေါင်းပါးခြင်းဆိုတာ တွေ့ရတယ်။ မြင်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်၊ ပဲခြမ်း တစ်ပြည်ကို ငွေငါးကျပ်နဲ့ ရောင်းရတယ်လို့ပြောတယ်။ ဧလိရှဲက ရောက်လာပြီး မနက်ဖြန် ဒီအချိန်မှာ ဂျူံမုန့်ညက် တစ်စိတ်ကို ငွေတစ်ကျပ် မုယောဆန်တစ်ခွဲ ကို ငွေတစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်လို့ ပြောတော့ ရှင်ဘုရင်အနားမှာ နေရတဲ့ အမတ်ကြီးက မိုးကောင်းကင်ဖွင့်ပြီး ဘုရားသခင်က ချကျွေးရင်တော့ အဲ့လိုပြောတာဖြစ်နိုင် မှာပေါ့ဆိုပြီး ပြန်ပြောခဲ့တယ်။ ဆိုလိုတာက မဖြစ်နိုင်တာလျှောက်မပြောနဲ့ လို့ပြောလိုက်တာဖြစ်တယ်။ နောက်တစ်နေ့မှာ ဘုရားလူပြောတဲ့အတိုင်း ဘုရားကဖြစ်စေခဲ့တယ်။ အမတ်ကြီးကတော့ ဘုရင်အမိန့်တော်အတိုင်း တံခါးစောင့်ရတဲ့အခါမှာ လူအဝင်အထွက်တွေ များလွန်းတော့ သူ့ကိုနင်းမိပြီး သူသေသွားခဲ့ရတယ်။

 ကောင်းမွန်သောအရာကို တွေ့မြင်မည် အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သော သူမည်သည်ကား၊ ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေ လော့။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။”(သုတ္တံ 34:12-13)

              ကြုံနေရတဲ့အရာတွေကို မရပ်တည်ပဲ သင့်နှုတ်က ကောင်းခြင်းတွေကိုပါ ဝန်ခံတတ်ရင် သင်ပြောတဲ့အတိုင်း သင်ဖြစ်မယ်။ ကိုယ့်နှုတ်ကို မကောင်းသောအရာတွေနဲ့ ကင်းစေပါ။ ဒီကနေ့ကစပြီး ကောင်းသောအရာတွေ စပြောပါ။ ကိုယ့်တိုင်းပြည်ကို မေတ္တာပို့ခြင်းအားဖြင့် မင်္ဂလာတွေ သင့်တိုင်းပြည်မှာ ပြည့်လာမှာဖြစ်တယ်။ သေခြင်းနဲ့ရှင်ခြင်းကို အစိုးရတဲ့ဘုရား ၊ အမင်္ဂလာကနေ မင်္ဂလာဖြစ်စေတဲ့ဘုရား ကို ဝန်ခံခြင်းဖြင့် သင့်ရဲ့နှုတ်ကလည်း ကောင်းသောအရာတွေကို သာ ပြောဆိုပါ။ နှုတ်ကဝန်ခံတဲ့အတိုင်း မြင်တွေ့ရသောသူများ ဖြစ်ကြပါစေလို့ သခင်ယေရှုခရစ်တော်နာမ၌ ဆုတောင်း ကောင်းကြီးပေးပါတယ်။