Daily Bread

Mar 24, 2024    Pastor David Lah


ကျွန်တော်တို့အသက်တာက ယေရှုခရစ်တော်အားဖြင့် ကျေးဇူးတော်ကြောင့် ဘုရားက ကျွန်တော်တို့ကို ဖြောင့်မတ်ခြင်းအခွင့် ကိုရရှိ သူတွေဖြစ်ကြတယ်။ ကျေးဇူးတော်ဆိုတာက ဘုရားဘက်ကပြုပေးသောအရာဖြစ်တယ်။ ဘုရားက ကျွန်တော်တို့ကို ဘာတွေလုပ်ပေးလဲ? ယေရှုခရစ်တော်အားဖြင့် ဘုရားက အကုန်လုပ်ပေးပြီးဖြစ်တယ်။

ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။၂ကော 12:9

လုံလောက်တဲ့ကျေးဇူးကို ဘုရားကပေးပြီးသွားပြီဖြစ်တယ်။ ယေရှုခရစ်တော်အထဲက အရာတွေ အားလုံးက ကျွန်တော်တို့အတွက်ဖြစ်တယ်။ တန်ခိုး၊စည်းစိမ်၊ပညာ၊အစွမ်းသတ္တိ၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာ ဒီအရာတွေအားလုံး ယေရှုအားဖြင့် ကျွန်တော်တို့ကို ဘုရားသခင်ပေးထားပြီးသား ဖြစ်တယ်။ ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့ကို ဘုရားက အကုန်လုပ်ပေးပြီးသား၊ ဒါကိုကျွန်တော်တို့က လုပ်ပေးပါလို့ ဘုရားကိုတောင်းနေခြင်းက မှားတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်ကတည်းက ကားတိုင်ပေါ်မှာ လုပ်ပေးပြီးသား အမှုပြီးပြီလို့ ပြောခဲ့ပြီးသား၊ ဒီအရာကို ကျွန်တော့် ညီအစ်ကို မောင်နှစ်မတွေကို ရှင်းရှင်းလင်းလင်း ရစေချင်တယ်။ ဘာသာရေးအတွေးအခေါ်ထဲက သင်တို့လွတ်မြောက်ပါစေ။

                  သင်မထိုက်တန်ပဲနဲ့ ဘုရားဘက်ကသင့်ကို ကျေးဇူးပြုနေတာဖြစ်တယ်။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏ လို့နှုတ်ကပတ်တော်က ရှိထားပြီးဖြစ်တယ်။ ဘုရားသခင်ဆီမှာ ပေးပါလို့ သင်ပြောနေတာက ဘုရားသခင် လုပ်ပေးပါလို့ သင်ပြောနေတာဖြစ်တယ်။ ကမ္ဘာကြီးမှာ TB ရောဂါပိုးစဖြစ်တဲ့အချိန်တုန်းက အဲ့ဒီရောဂါအတွက် ဆေးကိုရှာမတွေ့ကြသေးလို့ လူတွေမြောက်မြားစွာ အဲ့ဒီရောဂါကြောင့် သေဆုံးသွားခဲ့ရတယ်။ ဆေးကို ရှာမတွေ့သေးတာဖြစ်တယ်။ အခုဆိုရင် ငှက်ဖျားရောဂါ တီဘီရောဂါတွေ ကြောက်ဖို့လိုသေးလား? မလိုတော့ဘူး၊ အဲ့ဒီရောဂါအတွက် ဆေးကို ရှာတွေ့သွားခဲ့ပြီဖြစ်တယ်။ ဆေးကရှိပြီးသား ဘုရားက ဖန်ဆင်းပေးထားပြီးသား။ လောကမှာ သင်လိုအပ်တဲ့အရာကို ဘုရားက အကုန်ပေးထားပြီးသား၊ သင်ရှာတွေ့သွားဖို့ပဲလိုအပ်တယ်။

                ဘုရားရှင်က ယေရှုခရစ်တော်အားဖြင့် ပြင်ဆင်ထားပေးတဲ့ကျေးဇူးတော်ကို လက်ခံရရှိဖို့က သင့်အကျင့်နဲ့ ဘာမှလုပ်လို့မရဘူး။ ယုံကြည်ခြင်းနဲ့ပဲ ရနိုင်တယ်။ဒါဆိုရင် လူတွေက အကျင့်က မလိုတော့ဘူးလားလို့ မေးလာကြမယ်။ သင်က တကယ်မှန်ကန်စွာ ယုံကြည်တတ်လာရင် သင်ကြိုးစားပြီး ကောင်းအောင်လုပ်နေစရာမလိုတော့ဘူး၊ သင်က တကယ်ပဲ ဘုရားရှင်ကို ယုံကြည်စိတ်ချလာရင် ဘုရားသခင်ကောင်းမြတ်ခြင်းကို သင်တကယ်စိတ်ချလာရင် ဘုရားသခင်ရဲ့ ချစ်ခြင်းကို သင်တကယ်နားလည်လာရင် သင်ကလေ အပြစ်လုပ်ပါလို့ လာပြောရင်တောင် သင်လုံးဝမလုပ်ချင်တော့ပါဘူး။ သင့်ကို ယေရှုအားဖြင့် ဘုရားရှင်က ကောင်းကြီးပေးပြီးသားပါ၊ သင့်အကျင့်နဲ့ဘယ်တော့မှမရဘူး။

           ရောမ 4:1-5 ကိုဆင်ခြင်တဲ့အခါ အာဗြံဟံရဲ့ ယုံကြည်ခြင်းကြောင့် ဘုရားက အာဗြံဟံကို ဖြောင့်မတ်သောသူလို့ သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်။သင့်အတွက် ဘုရားသခင်ပြင်ဆင်ထားပေးတဲ့ အရာတွေကို သင့်ရဲ့အကျင့်နဲ့ ဘာတစ်ခုမှ ရယူပိုင်ခွင့်မရှိဘူး သင့်ရဲ့ယုံကြည်ခြင်းနဲ့ပဲ ရယူလို့ရတယ်။ ယုံကြည်ခြင်းမရှိတဲ့သူက ဘုရားသခင်ရဲ့စိတ်တော်နဲ့ မတွေ့နိုင်လို့ နှုတ်ကပတ်တော်က ပြောထားပြီးသားဖြစ်တယ်။ ဒါဆိုရင် ဘာလို့ကျမ်းစာဖတ်ရတာလဲ လို့ သင်မေးလာမယ်။ ယုံကြည်ခြင်းရှိဖို့ ဖြစ်တယ်။ ယုံကြည်ခြင်းဆိုတာ ကြားနာခြင်းကလာတာဖြစ်တယ်။ ကြားနာခြင်းက ဘုရာစကားဖြစ်တယ်။ သင်က ဘုရားစကားကို များများအချိန်ပေးပြီး ဆင်ခြင်လာရင် ဘုရားနဲ့များများ မိဿဟာယ ဖွဲ့လာရင် သင်ကြိုးစားပြီး ကောင်းသောအကျင့်မှာ ကျင်လည်စရာ မလိုတော့ဘူး။ ဘုရားစကားကို အချိန်ပေးလာတဲ့အခါ သင်များများ စဥ်းစားလာတဲ့အခါ သင့်ဒုစရိုက်ကို ပြုဖို့ အချိန်မရှိတော့ဘူး၊ နှုတ်ကပတ်တော်ကို များများအချိန်ပေးလာတဲ့အခါ ဒုစရိုက်ကို မပြုချင်တော့ဘူး၊ ဒုစရိုက်အကြောင်း မစဥ်းစားမိတော့ဘူး။

            နှုတ်ကပတ်တော်တကယ်ရှိတဲ့သူက ဒုစရိုက်ကမပြုတတ် ထိုမျှမက မပြုနိုင်လို့ ပြောထားတယ်။ သင်က ကျမ်းစာတွေတော့ ဖတ်တယ် ဒါပေမယ့် သင့်အသက်တာထဲမှာ နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်းမရှိဘူး။ ကျမ်းစာဖတ်တိုင်း သင်လွတ်မြောက်တာ မဟုတ်ဘူး၊ကျမ်းစာဖတ်ပြီး ပြန်ဆင်ခြင်တဲ့ အသက်တာမှ သင်လွတ်မြောက်တာ သင်ယုံကြည်ခြင်းက တိုးပွားတာ ဖြစ်တယ်။ တရားတော်ကို နေ့ညမပြတ် ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏လို့ ပြောထားပြီးသား။

                  လူက ဘုရားစကားကို နားမထောင်ခဲ့လို့ မယုံကြည်ခဲ့လို့ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်။သင်ခရစ်ယာန်ဖြစ်ပြီး ဝတ်ကြေတမ်းကြေ ကျမ်းစာဖတ် ဆုတောင်းတာမျိူးဆိုရင် ၁၀နှစ်မက ကြာခဲ့ပါစေ၊ သင်ကဘာမှ မထူးဘူး။ ကျမ်းစာဖတ်တဲ့အခါ ဖွင့်ပြခြင်း ရတဲ့အထိဖတ်ပါ။ ယုံကြည်ခြင်း ရလာဖို့အင်မတန် အရေးကြီးပါတယ်။ ကျမ်းစာဖတ်ပြီး ဆင်ခြင်တဲ့ အသက်တာမှသာလျင် ဘုရားဆီက ဖွင့်ပြချက်တွေနဲ့ အသက်တာက ပြောင်းလဲ ထူးခြားလာမှာ ဖြစ်တယ်။

ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။၁ပေ 2:24

             ဘုရားက သင့်ကို အပြစ်နဲ့ဆိုင်တဲ့အရာမှာ အသေဖြစ်စေပြီး သင့်ကို ဖြောင့်မတ်သောသူအနေနဲ့ အသက်ရှင်စေတယ်။ ကိုယ့်အပြစ်အတွက် ယေရှုက သစ်တိုင်မှာ ဒဏ်ရာဒဏ်ချက်များစွာနဲ့ အစားထိုးခံခဲ့ပေးပြီးပြီ။ သင်ဒါကို နားလည် သဘောပေါက်ရဲ့လား? နှုတ်ကပတ်တော်နဲ့ မိမိအသက်တာကို တည်ဆောက်ပါ၊ တစ်ခုခုဖြစ်လာရင် လောကမှာအဖြေမရှိဘူး၊ နှုတ်ကပတ်တော်ထဲမှာပဲ ရှိတယ်။

             ဘုရားက သင့်ကို အရှိကို အရှိအတိုင်းချစ်ပြီးသား ဖြစ်တယ်။ ချစ်လွန်းလို့လဲ သင့်ရဲ့ဝိညာဥ်ကို ကယ်ခဲ့ပြီ ၊ခန္ဓာနဲ့စိတ်ရဲ့ လွတ်မြောက်ခြင်းကတော့ သင်ကြိုးစားလို့ ရမှာမဟုတ်ဘူး၊ သင်နှုတ်ကပတ်တော်နဲ့ သွားဖို့ပဲလိုတယ်။ နေ့ရက်အစဥ်တိုင်းမှာ ငါအကောင်းဆုံးလုပ်မယ်ဆိုပြီး နှုတ်ကပတ်တော်မပါပဲနဲ့ သင်ကြိုက်သလိုထိန်းကြည့်။ လုံးဝမရဘူး။ နှုတ်ကပတ်တော်အားဖြင့်သာ လောကမှာ သင့်အားဖြင့် ဘုရားဘုန်းထင်ရှားလာမှာဖြစ်တယ်။

ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊ စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊ သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊ ငွေကို ရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊ ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။ အကြောင်းမူကား၊ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။သုတ္တံ 2:1-6

          တစ်ခြားအကြောင်းတွေ လျှောက်မတွေးနဲ့၊ အပျင်းပြေဆိုတာတွေ သင်လျှောက်လုပ်ရင်းနဲ့ သင့်ရဲ့ရူပါရုံက ပျောက်သွားမယ်။ သင်လုပ်နေတဲ့အရာတွေအားလုံးက ဘုရားနှစ်သက်အောင် လုပ်တာမျိူး မဖြစ်ပါစေနဲ့။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏လို့ ပြောထားတယ်။ သင်က များများဆုတောင်းလာရင် ဘုရားရဲ့သဘောကို သင်ပိုသိလာမယ်။ ကျမ်းစာများများဖတ်ရင်း ဘုရားရဲ့နှုတ်ကပတ်တော်ကို သင်ပိုပြီး သဘောပေါက်လာလေပဲ။ ကျမ်းစာ ဖတ်တဲ့အခါ ပညာရလာတယ်။ ကိုယ်တော် ပေးထားပြီးသားတွေပဲ ဆိုတာ သဘောပေါက်လာတဲ့အခါမှာ ကျေးဇူးတော်ပဲ ချီးမွမ်းတော့တယ်။ ပေးပါလို့သင်တောင်းနေခြင်းက ပေးထားပြီးသားကို ဘယ်လိုယူရမလဲ မသိသူတွေပဲ တောင်းနေခြင်းဖြစ်တယ်။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် သင့်ကို ဘုရားကပေးထားပြီးသားဖြစ်တယ်။ ယုံကြည်ခြင်းဆိုတာက သူ့ဘာသာသူ ဖြစ်လာတာ မဟုတ်ဘူး။ယုံကြည်ခြင်းကို တည်ဆောက်ဖို့ အရေးကြီးဆုံးက နှုတ်ကပတ်တော်နဲ့ အချိန်ယူခြင်းပဲ။ကျမ်းစာကို တရားဟောချက် ကောင်းအောင် မဖတ်ပါနဲ့။ ကိုယ့်အတွက်ကိုယ်ဖတ်ပြီး ကိုယ်ရတာကို လိုက်လျှောက်အသက်ရှင်ပြီး သူတစ်ပါးကို ပြန်ဝေငှတဲ့အခါ သူတစ်ပါးမှာ လွတ်မြောက်ခြင်းတွေဖြစ်လာတာဖြစ်တယ်။

                   ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသော သူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။ ၁ယော 5:18

နှုတ်ကပတ်တော်ကို များများ အချိန်ပေးလာရင် သင်ဒုစရိုက်မပြုချင်တော့ဘူး။ အလုပ်တွေများပြီး ဘုရားနဲ့အချိန်မပေးတဲ့အခါ သင်ကျမ်းစာကို ဖတ်ပြီး ဆင်ခြင်ဖို့အချိန်မပေးနိုင်ဘူးဆိုရင် လောကမှာ သင်ဘယ်လိုအောင်မြင်ခြင်းရမလဲ?

           ယုံကြည်ခြင်းကြီးထွားလာဖို့ နှုတ်ကပတ်တော်ကို များများစားပါ။ ပညာအမျိူးမျိူးနဲ့ သင်တို့အထဲမှာ တည်နေပြီဆိုရင် သင်တို့အသက်တာအောင်မြင်ပြီ။ အတွေးမှန်ဖို့ အကျင့်ပြင်ရတာ မဟုတ်ဘူး။ အတွေးမှန်ဖို့ နှုတ်ကပတ်တော်ကို အချိန်ပေးရမယ်။ အတွေးမှန်ရင် အကျင့်က သူ့ဘာသာသူ ပြောင်းသွားတာဖြစ်တယ်။ နှုတ်ကပတ်တော်က သင်တို့အတွက် တကယ်ချိူမြိန်နေပြီလား? တကယ် အရသာရှိနေပြီလား? ကြိုးစားပြီး စားနေရတာလား? ကျမ်းစာလေးဖတ်ရုံ ဆုလေးတောင်းရုံနဲ့ တော်လောက်ပြီမထင်ပါနဲ့။

               သင်ဖတ်ထားတဲ့ နှုတ်ကပတ်တော်ကို ဆင်ခြင်ပြီး အသက်တာကို တည်ဆောက်သွားပါ။ တစ်ရက်ပြီးတစ်ရက် ဖတ်ရင်းဖတ်ရင်းနဲ့ ဝိညာဥ်တော်မစမှုနဲ့ နှုတ်ကပတ်တော်က အရမ်းအသာရှိတာကို သင်သိလာပြီး ကျမ်းစာအုပ်ကို ဘယ်သွားသွား ယူသွားချင်တဲ့ စိတ်ဖြစ်လာတယ်။ သင်သိလာတဲ့အခါ သင့်အကျင့်ကို တကူးတက ပြင်စရာမလိုတော့ပဲ ဓါတ်လှေကားထဲကို သင်ရောက်သွားတဲ့အခါ ဓါတ်လှေကားက သင်သွားမယ့် အထပ်ကို အသင့်ပို့ပေးသလိုမျိူး နှုတ်ကပတ်တော်နဲ့ သင်အချိန်ယူတာ များလာရင် သင့်ရဲ့အကျင့်က ပြောင်းလဲလာပြီး တကယ့်ကို ဘုရားသခင်ဘုန်းတော် ထင်ရှားတဲ့ အသက်တာဖြစ်လာပါလိမ့်မယ်။