Daily Bread

Mar 22, 2024    Pastor David Lah


      ဒီကနေ့ ကျွန်တော်တို့ဆင်ခြင်သွားရမယ့်အရာလေးကတော့ သိပ်ရိုးရှင်းပြီး အရမ်းကိုမင်္ဂလာရှိတဲ့ MESSAGE လေးကို ပေးသွားမှာဖြစ်ပါတယ်။ မသိလို့မဖြစ်တဲ့အရာဖြစ်ပြီး အရာခပ်သိမ်းရဲ့ အရင်းအမြစ် FOUNDATION လို့လဲပြောနိုင်ပါတယ်။ ယုံကြည်ခြင်းနဲ့ကျေးဇူးတော်ကို ပြောပြသွားမှာဖြစ်တယ်။


ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ဧဖက် 2:8-9


        ကျေးဇူးတော်လို့ပြောနေကြပြီး ယုံကြည်ခြင်းကို နားမလည်တဲ့အဖွဲ့ကရှိတယ်။ ရထားလမ်းပေါ်မှာ ရထားတစ်စီးက အရှိန်နဲ့ ပြေးနိုင်အောင် ရထားဘီးလမ်းကြောင်းနှစ်ခုက အတူတူအမြဲရှိနေရသလိုမျိူးပါပဲ။ ယုံကြည်ခြင်းနဲ့ကျေးဇူးတော် သင်နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်၊

         ကျေးဇူးတော်ဆိုတာက ဘုရားဘက်က ပြုပေးတဲ့အမှု၊ ယုံကြည်ခြင်းဆိုတာက ကိုယ့်ဘက်က ပြုရမယ့်အမှု၊ အဲ့ဒီနှစ်ခုကို ပိုင်းခြားသိရင် ကျွန်တော်တို့ရဲ့အသက်တာမှာ ယေရှုခရစ်အားဖြင့် ပြင်ဆင်ထားပေးတဲ့ ကြီးမားသော ကောင်းကြီးမင်္ဂလာတွေ က ကျွန်တော်တို့အတွက် ဖြစ်လာမှာဖြစ်တယ်။

ကျွန်တော်တို့ကို ဘုရားက အကုန်ပေးထားပြီးသား အရာကို ကျွန်တော်တို့က ယုံကြည်ခြင်းနဲ့ ရယူရမှာဖြစ်တယ်။ ကျွန်တော်တို့ အရမ်း အစာရှောင်ဆုတောင်းရင် ဘုရားက အကုန်လုပ်ပေးမယ်လို့ ထင်နေကြတယ်၊ အစာရှောင် ဆုတောင်းခြင်းအားဖြင့် နှုတ်ကပတ်တော်ကို အချိန်ပေးလာပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘုရားရဲ့သဘောသဘာဝကို သိလာတာဖြစ်တယ်။ ဘုရားနဲ့တိုးဝင်ခြင်းကြောင့် ဘုရားကစတင်အလုပ်လုပ်မယ်လို့ထင်ကြတယ်၊ မှားတဲ့အတွေးဖြစ်တယ်၊ ဘုရားသခင်က လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်ကျော်ကတည်းက အကုန်လုပ်ပေးပြီးသားဖြစ်တယ်။ ကျေးဇူးတော်ဆိုတာက ကမ္ဘာဦးကတည်းက ဘုရားရှင် ပြုပေးထားတဲ့ ကျေးဇူးဖြစ်တယ်။   


ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ကြရ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။ ဟေဗြဲ 4:3   

    

          ယေရှုနာမ၌ ငါကျန်းမာပြီ ဆိုပြီး ပါးစပ်ကကြွေးကြော်ဝန်ခံနေကြပေမယ့် တကယ်နက်ရှိုင်းစွာ နှလုံးသားထဲမှာ စိုးရိမ်စိတ် ကြောက်စိတ် ပူပန်စိတ်က နေရာယူနေရင် သင့်ဝန်ခံချက်တွေက ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး။ သူများသင့်ကို နှုတ်တိုက်သင်ပေးတိုင်း သင့်အသက်တာထဲမှာ ဖြစ်လာတာ မဟုတ်ဘူး။ သင့်ဦးနှောက်ရဲ့ သိခြင်းနဲ့ သင့်ပါးစပ်က ထွက်ကောင်းထွက်နေလိမ့်မယ်။သင်ဝန်ခံနေပေမယ့် အထဲမှာ တကယ်ဖြစ်တဲ့ယုံကြည်ခြင်းမရှိတဲ့အခါမှာ သင့်အသက်တာက အကျိူးမဖြစ်ဘူး။ ဒါကိုဒီနေ့ကျွန်တော်ရှင်းပြချင်တာဖြစ်တယ် ညီအစ်ကို မောင်နှမတို့။

          ငါတအားဆုတောင်းလို့  တစ်နေ့ကို လေးနာရီ ငါးနာရီလောက်ကျမ်းစာဖတ်ပြီး ဘုရားနဲ့အချိန်ယူလို့ သင်အစာရှောင် ဆုတောင်းနိုင်လွန်းလို့  သင့်ကိုဘုရားက ကောင်းကြီးပေးတာမဟုတ်ဘူး။ အစာမရှောင် ဆုမတောင်း ကျမ်းစာမဖတ်ရင် ဘုရားကသင့်ကို မချစ်တော့ဘူးလား? ကောင်းကြီးမပေးတော့ဘူးလား? မဟုတ်ဘူး၊ ဘုရားရှင်က သင့်ကိုအရှိအတိုင်း လက်ခံချစ်နေတဲ့ ဘုရားဖြစ်တယ်။ သင်က ကျမ်းစာဖတ် ဆုတောင်း အစာရှောင်မှ ပိုချစ်တာမဟုတ်ဘူး၊ ကမ္ဘာဦးကတည်းက သင်မမွေးခင်ကတည်းက သင့်ကို ချစ်နေတဲ့ဘုရားဖြစ်တယ်။

           နှုတ်ကပတ်တော်နဲ့ အချိန်ယူပြီး ဘုရားနဲ့မိဿဟာယဖွဲ့တဲ့အခါမှာ သူသင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ သင်ပိုသိလာပြီး သဘောပေါက်လာပြီး သူ့နဲ့ ပိုရင်းနှီးလာတာဖြစ်တယ်။ အစာရှောင် ဆုတောင်းခြင်းဆိုတာ အဲ့ဒါတွေရဖို့ ဆုတောင်းရတာဖြစ်တယ်။ ဘုရားက အကုန်ပေးထားပြီးသားဖြစ်တယ်။ ပေးထားပြီးသားအရာကို သင်သေချာ သဘောမပေါက်မချင်း သင့်ဆီမရောက်လာဘူး။


ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချတော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။၁ပေ 2:24


လက်ဝါးကားတိုင်မှာ သင့်အပြစ်ကြွေးဆပ်ပေးရုံမကပဲ အနာရောဂါပျောက်ကင်းခွင့်ကိုပါ ပေးထားပြီးသား။ သင်ကျမ်းစာဖတ် ဆုတောင်းတာက ကောင်းကြီးရဖို့လား? ကောင်းကြီးပေးထားပြီးသား ဆိုတာကို အသေအချာသိဖို့ဖြစ်တယ်။


ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။ သုတ္တံ 4:20-22


            လောကရဲ့ အတွေးအမြင် တွေကို သင်ပိတ်နိုင်မှ ဘုရားရဲ့ ကောင်းကြီးမင်္ဂလာကို သင်ထင်ထင်ရှားရှား မြင်တွေ့နိုင်မှာဖြစ်တယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ များများ အချိန်ယူတာ နားထောင်တာ များလာရင် သင့်အတွက် ယုံကြည်ခြင်းက ကြားနာခြင်းကနေ ဖြစ်လာမယ်။ သင့်အသက်တာမှာ အရေးကြီးဆုံးက ယုံကြည်ခြင်းပဲ။ အဲဒါဆိုရင် ယုံကြည်ခြင်းကို ဘယ်လိုတည်ဆောက်မလဲ?

             မနက်ပိုင်းတစ်ချက် ဘုရားနဲ့အချိန်ယူမယ် ပြီးတဲ့အခါ တစ်နေ့လုံး လုပ်စရာရှိတာလုပ်နေမယ်၊ လုပ်ချင်တာလုပ်မယ်၊ သင့်ရဲ့တစ်နေ့တာ လှုပ်ရှားမှုမှာ နှုတ်ကပတ်တော်နဲ့ မတည်ဆောက်ဘူး ဆိုရင် သင်က လောကအကြောင်းတွေ သိပ်စဥ်းစားနေရင် သင်ယုံကြည်ခြင်း ဘယ်လိုဖြစ်လာမှာလဲ? ယေရှုခရစ်တော်အားဖြင့် သင့်ကို လောကရဲ့ အောင်မြင်ခြင်းအရာတွေ အကုန် ပေးထားပြီးသားပါ။ သင့်ဘက်က ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ ကောင်းစွာသောတိုက်လှန်ခြင်းကို လုပ်ဖို့ ကျမ်းစာက ပြောထားပြီးသား ဖြစ်တယ်။ သင့်အတွက် ယုံကြည်ခြင်းကို ပျက်ပြားစေမယ့် အတွေးအခေါ်တွေကြား  သင်ပေါင်းသင်းနေတဲ့ သူတွေက နှုတ်ကပတ်တော်ကို မထီလေးစား လုပ်နေသူတွေကြား သင်ရောက်နေသလား?  ဒီအရာတွေကြား သင်မနေပဲ ယုံကြည်ခြင်း ပြုစုတည်ဆောက်ဖို့ က တံခါးပေါက်တွေ အကုန်ပိတ်ရမှာဖြစ်တယ်။

            ဘုရားဘက်ကပြင်ဆင်ထားပေးတဲ့ ကျေးဇူးတော်ကို ရယူဖို့ သင့်ယုံကြည်ခြင်းကို သင်တည်ဆောက်ရမယ်။ ကျမ်းစာဖတ်နိုင်လွန်းလို့ ဘုရားသင့်ကို ချစ်တာမဟုတ်သလို ကျမ်းစာမဖတ်လို့လဲ ဘုရားသင့်ကိုမချစ်မှာ မဟုတ်ဘူး။ ဘုရားနဲ့အချိန်ယူတာ နည်းလာရင် ကြောက်စိတ် ပူပန်စိတ် စိုးရိမ်စိတ်တွေဖြစ်လာမယ်။ ပြောင်းလဲပြီးနောက်ပိုင်း အသင်းတော်မှာ တအားဆက်ကပ်တယ် ပါဝင်တယ်၊ ဒါပေမယ့် တစ်ယောက်ထဲ ဘုရားနဲ့သီးသန့် အချိန်ယူခြင်းက မရှိလာရင် ဘုရားစကားပြောသံကို သင်ကြားနိုင်မှာမဟုတ်ဘူး။အသက်တာက ဘာမှထူးခြားလာမှာ မဟုတ်ဘူး။ သင်နှုတ်ကပတ်တော်ကို ဘယ်လောက်အချိန်ပေးလဲ? နှုတ်ကပတ်တော်ကို သင်ဆာငတ်တဲ့ စိတ်နဲ့ဖတ်တဲ့အခါ သင့်ရဲ့ဆာငတ်တဲ့ နှလုံးသားကို ဘုရားဘယ်တော့မှ မကျော်သွားဘူး ညီအစ်ကိုမောင်နှမတို့။


ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်၏။ယေရမိ 17:7


          တစ်ခုခုဆို ဆရာ ဆရာမတွေကို ဆုတောင်းခိုင်းတာ မကောင်းတာ မဟုတ်ပေမယ့် နှုတ်ကပတ်တော်ထဲမှာ ဆရာကို ကိုးစားသောသူ လို့မပြောထားဘူး။ ဆရာကို မိမိကိုးစားရာအကြောင်းဖြစ်စေသောသူက ကောင်းကြီးခံရမယ် လို့မပြောဘူး။ ဒါဆိုရင် ဆုတောင်းရဲ့သားနဲ့ ကျွန်တော်တို့အထဲမှာ  ဘာလို့မဖြစ်လာတာလဲ လို့သင်မေးလာရင် သင်ယုံကြည်ခြင်းနဲ့ မယူတတ်လို့ ဖြစ်တယ်။ သင်တကယ် ယုံကြည်ခြင်းဖြစ်ရင် သင်က အနားယူရုံပဲ။ စစ်ပွဲက ဘုရားသခင်ရဲ့အတာ အနားယူရမှာ ကျွန်တော် တို့ရဲ့အတာ ဖြစ်တယ်။ ကျွန်တော်တို့က ကယ်တင်ခြင်းလောက်ပဲ ရတဲ့ အဆင့်ရှိတဲ့ အသက်တာဆိုရင် သင်က အကန့်အသတ်ထဲမှာ ရှိနေသူဖြစ်ပြီး တကယ်မတန်ပါဘူး။ သင့်အတွက် လုပ်ပေးထားတဲ့ အရာကို သင်မသိပဲ သင်ပူပန်နေတတ်သေးရင် သင့်မှာ ယုံကြည်ခြင်းမရှိသေးဘူး။


             ထို့ကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။ ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသော တရား စကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။ ဟေဗြဲ 4:1-2       


          သင်တို့က ဘုရားစကား ဘုရားကတိတော်ကို ကြားပေမယ့် ငြိမ်သက်ခြင်းနဲ့ စိတ်ချမှုမရှိသေးသရွေ့ ယုံကြည်ခြင်းကဖြစ်မလာတဲ့ အခါ အကျိူးကိုမခံစား ရဘူး။ သင်ဘုရားနဲ့ အချိန်မယူပဲ အကျင့်ကို ကြိုးစားပြင်နေသရွေ့ သင့်ရဲ့အကျင့်ကို သင်က ပြန််လုပ်မိနေမှာပဲ။ ဘုရားနဲ့အချိန်ယူလာတဲ့အခါ အကျင့်ကို ကြိုးစားပြင်စရာ မလိုပဲ သင်လုပ်ချင်စိတ်ကို မရှိတော့မှာ ဖြစ်တယ်။ သင်လူတွေရှေ့မှာ ကျမ်းစာဖတ် ဆုတောင်းပြီး မွေ့လျော်ချင် ယောင်ဆောင်တာမျိူး မလုပ်ပါနဲ့။ သင်တကယ် ဘုရားနဲ့ မွေ့လျော်တတ်လာရင် သင် TV ကြည့်ဖို့အချိန်မရှိသလို FACEBOOK ကြည့်ဖို့လဲ မအားဘူး။ သင်ဘုရားကို သာအချိန်ပေးရင် သင်ဒုစရိုက်မှုက နေမလွတ်စရာ အကြောင်း မရှိဘူး။

            သင်ဘုရားနဲ့ အချိန်ယူလာရင် ဘုရားစကားသံကြားတတ်ပြီး သင့်မှာ ယုံကြည်ခြင်းက ဖြစ်တည်လာတဲ့အခါ ပြဿနာ ကြုံလာရင် သင်လုံးဝမကြောက်တော့ဘူး၊ သင့်မှာ ငြိမ်သက်ခြင်းရှိနေမယ်၊ သင်ပြဿနာတွေကို တည်ငြိမ်စွာ ရင်််ဆိုင်နိုင်လာမယ်။ သင့်ရဲ့ ဘဝတိုက်ပွဲမှာ သင်အောင်မြင်ခြင်းကို သက်သေခံချင်လား? သင်တိုက်ပွဲကြုံတဲ့အခါ သင်ဝိညာဥ်အစာကို ဝအောင်စားပြီး တိုက်ပွဲကို တိုက်ပါ။ သင်ပြုံးပျော်ရတဲ့ အခွင့်ရလိမ့်မယ်။

           ယေရှုခရစ်တော်ရဲ့ တပည့်တော် ယောဟန်ကို ပွက်ပွက်ဆူနေတဲ့ ဆီအိုးထဲ ထည့်တာတောင်မသေလို့ ပြန်ဆွဲထုတ်ရတာ သူ့မှာ ငြိမ်သက်ခြင်း ရှိနေခဲ့ခြင်းကြောင့်ဖြစ်တယ်။ ကျွန်းမှာ ဗျာဒိတ်ကျမ်းကို ရခဲ့တယ်။ တစ်ချိူ့ကျတော့ ဒီလမ်းသွားရင် ဒီလိုဖြစ်မယ်လို့ ဘုရားက ရူပါရုံပေးထားရဲ့သားနဲ့ ဒီလမ်းကို ရွေးပြီးသွားကြတာ သာ၍မြတ်သောအရာကို သူတို့က မြင်ထားပြီးသားမို့လို့ ဖြစ်တယ်။ ငြိမ်သက်ခြင်းရှိလို့ဖြစ်တယ်။  ဒီလောက ကိုမခွဲခွာနိုင်သူတွေက သာ၍မြတ်သော အရာကို မမြင်တတ်သေးဘူး။ ကျွန်တော့်ရဲ့ ရူပါရုံက ကောင်းကင်နိုင်ငံမှာ ယေရှုက တံခါးဝကနေ တံခါးဖွင့်ပြီးကြိုတာဖြစ်တယ်။ မာတုရတွေကို အဲ့လိုကြိုတယ်။ သတေဖန်အကြောင်းဆင်ခြင်မိတဲ့အခါ သူ့ကိုခဲနဲ့ ဝိုင်းပြီးပေါက်သတ်နေကြတဲ့အချိန် ကောင်းကင်ကို ကြည့်လိုက်တဲ့အခါ ကောင်းကင်ဖွင့်လှစ်တာကို သူမြင်တယ်တဲ့၊ ပြီးတော့ သူဘာမြင်လဲဆိုရင် တံခါးဝမှာ ယေရှုခရစ်တော် ရပ်ပြီးသူ့ကိုကြိုနေတာကို မြင်တယ်တဲ့။


 သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်း မြင်လျှင်၊ ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရပ်နေသည်ကို၎င်း၊ ငါမြင်သည်ဟုဆို ၏။ တမန်တော် 7:55-56   

   

                 ကျမ်းစာထဲမှာ ယေရှုက အဖခမည်းတော်ရဲ့လက်ျာတော်ဘက်မှာ ထိုင်နေတယ်လို့ ပြောထားတယ်။ ဒီမှာကျတော့ သတေဖန် ကြည့်တဲ့အချိန်သူမြင်တာ ဘာလဲ? လူသားသည် ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရပ်နေသည်ကို၎င်း၊

ငါမြင်သည်ဟုဆို၏။ တဲ့ ယေရှုကိုယ်တိုင် မတ်တပ်ရပ်ပြီး ကြိုတယ်။ အဲ့ဒီအရာကိုမြင်တဲ့ တမန်တော်ကြီးက သေရမယ့် လမ်းကိုသိတယ်။ အဲ့ဒီအခါ သူအဲ့ဒီလမ်းကို ရွေးချယ်လိုက်ပြီ။ သူအဲ့ဒီလမ်းကိုပဲ သူသွားခဲ့တယ်။REST… မြေကြီးပေါ်မှာထက် အထက်အရပ်က အရာကိုပဲစွဲလမ်းနေပြီ။ ဘုရားကို သိကျွမ်းရတဲ့မင်္ဂလာ ဘယ်လောက်ကြီးမားတဲ့မင်္ဂလာလဲ?


ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူ သော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေ သတည်း။ အာမင်။ ၁ပေ3:18


                  သင့်အသက်တာအတွက် သင်အချိန်မဖြုန်းပါနဲ့။ စာတန်ကနည်းမျိူးစုံနဲ့ သင့်အသက်တာကို ဆွဲချဖို့ ကြံစည်နေတဲ့အခါ သင်က နှုတ်ပတ်တော်နဲ့ အချိန်ယူခြင်းအားဖြင့် ယုံကြည်ခြင်းကို တည်ဆောက်ပါ။သင်ကျမ်းစာမဖတ် ဆုမတောင်းရင်လဲ ဘုရားကသင့်ကိုချစ်ပြီးသားပါ။ ဒါပေမယ့် လောက ပြဿနာ အခက်အခဲတွေနဲ့ သင်ကြုံတွေ့လာတဲ့ အခါကျရင် သင်ကျမ်းစာဖတ် ဆုတောင်းထားခြင်းတွေက သင့်ကို ငြိမ်သက်ခြင်း ရှိစေခဲ့ပြီ၊ ဘုရားစကားကို စိတ်ချ ယုံကြည်ပြီး ရင်ဆိုင်နိုင်ခဲ့ပြီ။


အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။ ဖိလိပ္ပိ 4:6-7


              လွန်ခဲ့တဲ့အနှစ် နှစ်ထောင်ကတည်းက ဘုရားသခင်ကပြင်ထားပေးပြီးသား၊ သင်က ယုံကြည်ခြင်းနဲ့ အနားယူတတ်ဖို့ပဲ လိုတယ်။ ကျေးဇူးပြုထားခြင်းကြောင့် ကယ်တင်ခြင်းကိုသင်ရတာ၊ ယုံကြည်ခြင်းအားဖြင့် သင်အောင်မြင်ခြင်းကို သင်ရမယ်။ ယုံကြည်ခြင်းမှာ သို့ပေမယ့် ဆိုတာမရှိဘူး။ အသေအချာ ပြောနိုင်တာဖြစ်တယ်။ ယုံကြည်ခြင်းရှိသူအတွက် ငြိမ်သက်ခြင်းကို ဖြစ်စေတယ်။ ကျွန်တော့်အသက်တာကတော့ နှုတ်ကပတ်တော်နဲ့သွားနေခြင်းဖြင့် ငြိမ်သက်ခြင်း ပြည့်စုံခြင်းတွေ ပိုင်ဆိုင်ရရှိနေပြီ ဖြစ်တယ်။

သင့်အသက်တာမှာ နှုတ်ကပတ်တော်ဖတ်လို့ နှုတ်ကပတ်တော်က အရသာရှိမှန်း သိလာရင် သင်အသက်တာ ပြည့်စုံပြီ။ နှုတ်ကပတ်တော် ဆိုတဲ့အထဲမှာ ကိုယ်တိုင် နှုတ်ကပတ်တော် ဖတ်ခြင်းနဲ့ ဆရာတွေဟောတာ နားထောင်ခြင်းဆိုတာရှိတယ်။ သင်က ဆရာတွေဟောပြောတဲ့ နှုတ်ကပတ်တော်ကို နားထောင်ပါ၊ မိမိကိုယ်တိုင်လဲ နှုတ်ကပတ်တော်ကို ဖတ်ပြီး ဆင်ခြင်တဲ့အခါ ဆရာတွေရဲ့ နှုတ်ကပတ်တော်ထဲကနေ အရိုးဖယ် အသားစားတတ်တဲ့ အဆင့်ကို သင်ရောက်ရှိလာမှာ ဖြစ်တယ်။ ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။

  လောကတံခါးတွေ အကုန်ပိတ်ပြီး ဘုရားမျက်မှောက်တော်ထဲ သင်နေတတ်သွားရင် တံတိုင်းတော်ထဲမှာ နေရတဲ့ တစ်ရက်က လောကမှာ နေရတဲ့ ရက်တစ်ထောင်ထက် သာ၍ကောင်းတယ်ဆိုတာ သင်သိလာလိမ့်မယ်။ ဒီကနေ့ကစပြီး မိမိအသက်တာကို တည်ဆောက်ပါ။ ယုံကြည်ခြင်းကို တည်ဆောက်တဲ့အသက်တာကို ပြုစုသောသူများ ဖြစ်ကြပါစေ။